ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Sunday, April 14, 2013

ကောက်ကြောင်းတစ်ခုအားထုဆစ်ခြင်း


ခင်ဗျားက အမေတစ်ခုသားတစ်ခုနဲ့
ဘ၀ကိုရိုးသားစွာ ထုဆစ်တယ်
' က၀ိ ဧဒံ ကဗျံ ' ကိုလက်ကိုင်ထားပြီး
လောကကြီးအကြောင်းကို စိတ်ဝင်စားတယ်
ဗုဒ္ဓဘာသာကို ခင်ဗျားက ထဲထဲဝင်ဝင် ယုံကြည်တယ်
တစ်ခါတစ်လေ ဘုရားကြိုက်တာတွေလုပ်ပြီး
တစ်ခါတစ်လေ ကိုယ်ကြိုက်တာကိုယ်လုပ်တတ်တယ်
ပုံမှန်ဆိုရင် ထမင်းကြမ်းခဲကို ယပ်ခတ်စားတတ်သလို
အမှန်တရားအတွက်ဆိုရင် ခင်ဗျားကသွေးဆူလွယ်တယ်
ခင်ဗျားက ဗိုလ်ချုပ်အောင်ဆန်းကို လေးစားတယ်
ဂျာနယ်ကျော်ဦးချစ်မောင်ကို လေးစားတယ်
သခင်ကိုယ်တော်မှိုင်းကို လေးစားတယ်
မြို့မငြိမ်းကို လေးစားတယ်
ခင်ဗျားရဲ့အိပ်မက်တွေထဲမှာ
မောင်သိန်းဇော်ပါတယ်
မောင်ချောနွယ်ပါတယ်
မောင်ခိုင်မာပါတယ်
အောင်ဝေးပါတယ်
ဇော်ဇော်အောင်ပါတယ်
မောင်သစ်ဆင်းပါတယ်
ချစ်ဦးညိုပါတယ် .... ပါတယ် ... ( ပါတယ် ) ......
ဒါပေမဲ့ ခင်ဗျားဘေးမှာတော့
အခုအချိန်ထိ ဘ၀လက်တွဲဖော်မပါဘူး
အပေါင်းအသင်းတွေက " မိန်းမမယူသေးဘူးလား " မေးတိုင်း
ခင်ဗျားရဲ့လက်သုံးစကားတစ်ခွန်းက ......
" ကိုယ်တို့က တော်ရုံနဲ့အညှာမလွယ်တတ်ဘူးတဲ့ "
ခင်ဗျားကိုတော့ ဘယ်နိုင်ပါ့မလဲ
ခင်ဗျားပုံမှန်အခြေအနေမှာတောင်
လေးပတ်စာရှိတော့
အတူတူသောက်တိုင်း ခင်ဗျားကပိုပြီးမူးတတ်တယ်လေ ။
မှတ်မိနေသေးတယ်
၉၇ . ၉၈ ခင်ဗျားနဲ့စဆုံတုန်းက
ခင်ဗျားရင်ဘတ်ထဲက " မိအင်္ဂါ " အကြောင်း
ကောင်တာရှေ့စားပွဲဝိုင်းမှာ ဖွင့်ဖတ်ခဲ့တဲ့
၁၅ လမ်းထိပ် ၊ ကျစိမ့်တစ်ခွက်နဲ့ ည ( ၇ ) နာရီ ။
ကြာခဲ့ပါပြီ .... အခုချိန်ထိလည်း ...
" အချစ်ရေးမှာ အရမ်းအောင်မြင်တဲ့သူတွေသာ ငါတို့လို
လူပျိုကြီးဖြစ်တာ " လို့ လက်မထောင်ပြီး
ခင်ဗျားကတော့ ခေါင်းမော့ကောင်းနေတုန်းပဲ ...
စိတ်လိုလက်ရဖြစ်တဲ့အခါ ရရှိထားတဲ့ကလောင်တစ်ချောင်းနဲ့
ကဗျာ ၊ အက်ဆေး ၊ စိတ်အတွေးခေါ်ရာတကောက်ကောက်
ဝင်စားပျော်ဝင်နစ်မျှောနေတတ်ရဲ့
စိတ်မဆာပြန်တော့လည်း ကလောင်ကို ဖုန်တတ်တဲ့အထိ
တမေ့တမော လွှင့်ပစ်ထားပြန်ရော ...
နောက်ပြီးတော့ ....
လွဲချော်ခြင်းဆိုတာ ခင်ဗျားရဲ့ကိုယ်ပိုင်အမှတ်
အမြဲတမ်းနုပျိုလတ်ဆတ်တဲ့နှလုံးသားတွေနဲ့
အချစ်ကုန်ကြမ်းတွေပေါများနေပေမယ့်
အသည်းကွဲခြင်းအတတ်တွေကိုပဲ ခင်ဗျားက
တစ်ဖက်ကမ်းခတ်တတ်မြောက်အောင် သင်ယူတယ်
တကယ်တော့ ....
ခင်ဗျားက ....
အချစ်ဆိုတာကို ...
Round Cord သီချင်းတစ်ပုဒ်လို တေးသီပစ်လိုက်တာပဲ..
ကဲ ... ဘယ်သူတွေ ဘာပဲပြောပြော
ဟောဒီ့ကမ္ဘာပေါ်မှာ ....
ခင်ဗျားလိုလူက ခင်ဗျားတစ်ယောက်ပဲရှိတယ် ..
အထက်ပါအချက်အလက်များနဲ့
တသွေမတိမ်းပြည့်စုံနေတဲ့ခင်ဗျားကို
လူအများက " နိုင်ရဲသွေး " လို့ခေါ်တယ် ..။
                                                            7 . 9 . 2009
                                                        နေဇက်
ကျွန်တော့် ညီအရင်းလိုခင်တဲ့သူငယ်ချင်းတစ်ယောက်က
ကျွန်တော့်ကို သူခံစားမိတဲ့အတိုင်းရေးလိုက်တာပါ...
ဒါဟာ ငယ်မွေးအတူနေတွေရဲ့ ခံစားတွေ့ရှိချက်တွေပေါ့.။
တစ်ခုတည်းးးးးးးး

No comments:

Post a Comment