ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Saturday, April 6, 2013

ဘန်းစကားပေါ်ပေါက်လာပုံများ

မြန်မာတို့ သုံးနှုန်းပြောဆိုနေကြသော စကားများတွင် တိမ်မြုပ် ၊ တိမ်ကောလာခဲ့
သော ရှေးသုံး ပေါရာဏ စကားများပါရှိသကဲ့သို့ အသစ်အသစ် တိုးဝင်နေသော ခေတ်ပေါ်
စကားများကလည်း တစ်ပိုင်းတစ်ကဏ္ဍ ဖြစ်တည်နေခဲ့ပေသည် ။  ထိုသို့ အသစ်ဝင်လာသော
စကားများအနက် အကြောင်းသင့်ရာ ခေါ်တွင်သော ဘန်းစကားများလည်း ပါဝင်လာခဲ့လေ
သည် ။
            ဘန်းစကားဆိုသော်လည်း ဘန်းစကားအမျိုးမျိုးရှိသည် ။


စကားဝှက် ဘန်းစကား
ဇတ်သဘင်တို့တွင် အခြားလူများ မသိစေရန် အချင်းချင်းသာ သိစေသော အမှတ်အသား
စကားဝှက်တို့ဖြင့် ပြောဆိုကြရာမှ အခြားသူများကပါ သုံးနှုန်းပြောဆိုလာခဲ့သော
ဘန်းစကားမျိုးလည်း ရှိပေသည် ။ 
             ပုံစံအားဖြင့် -             ( ငွေ )                   -  ဝက်
            ( မင်းသမီး )           -  ဗလပ်ပျံ
           ( ဘုန်းကြီး )            -  ယောပန
           ( စောင်း )               -  ဂေါက်
           ( ထမင်း )               -  ပုန်း
           ( လက္ဘ်ရည် )          -  ဒေါင်
          စသည် ဖြစ်လေသည် ။ ထိုစကားလုံးတွင် အဘယ်ကြောင့် ဤသို့စွဲခေါ်သည်ကို သိရှိနိုင်သည်လည်းရှိ၍ အသိခက်သည်လည်း ရှိလေသည် ။
အဆွယ် ဘန်းစကား
         စကားလုံးသစ်များ တီထွင်၍ သုံးစွဲကြရာတွင် တစ်စုံတစ်ရာကို ဆွဲယူ၍ သုံးနှုန်းခြင်း ၊
ပုံဆောင်၍ သုံးနှုန်းခြင်းဖြင့်လည်း ဘန်းစကားများ ပေါ်ပေါက်လာရလေသည် ။
     ပုံစံအားဖြင့် -         ဝေလာဝေး               ( လုံးဝကင်းစင်သည် )
                                        ( ကင်းမဲ့ ခေါင်းပါးသည် )
        ခတ်ကွင်းပြင်            ( ကြိုတင်ပြင်ဆင်သည် )
                                        ( ဟန်ရေးပြသည် )
       စသည်ဖြင့် သုံးစွဲရာတွင် ငွေဒင်္ဂါးတွင် ဝိတိုရိယ ဘုရင်မခေါင်း ၊ ဝေလမင်းသား
( အက်ဒွပ်ဘုရင် ) ခေါင်း ၊ ဂျော့ဘုရင်ခေါင်း စသည်ဖြင့် ခတ်နှိပ်ခဲ့ရာ ငွေကြေးတစ်ပြားမှ
မကပ်ဟူ၍ တင်စားကာ " ဝေလာဝေး " ဟူ၍ သုံးစွဲခဲ့လေသည် ။ ထိုမှတစ်ဆင့် မျှော်လင့်ချက် လုံးဝကင်းရှင်းကြောင်းကို တင်စား၍ " သူ့ကို သနားဖို့ တော့ ဝေလာဝေး
ရော " စသည်ဖြင့် သုံးစွဲလာလေသည် ။
     ထိုနည်းတူပင် ခတ်ကွင်းပြင်သည်ဆိုရာ၌ လှေ၏ခတ်တက်အတွက် ကွင်းများခိုင်ခံ့စေ
ရန် ပြင် ဆင်ခြင်းဖြင့် ရှေ့တွင် အားသွန်ခါန်စိုက် လှော်ခတ်ရန်အတွက် အသင့်ဖြစ်စေသည်
ကို အကြောင်းပြု တင်စား၍ တစ်စုံတစ်ရာအတွက် အားသစ်ပြင်ဆင်နေသည့်အခါတွင်
ဖြစ်စေ ၊ တစ်စုံတစ်ရာ ပြုလုပ်ရန် ဟန်ရေးပြပြင်ဆင်နေသည့်အခါတွင်ဖြစ်စေ တင်စားသုံး
စွဲကြလေသည် ။
      တင်စားပြောဆိုသော ဘန်းစကားများတွင် မူရင်းစကားစပ်ငုပ်၍  နှောင်းစကားစပ်
တွင် လိုရင်းအဓိပ္ပာယ်သာ သက်ဝင်လေသည် ။ ပကတိအဓိပ္ပာယ်မှ လိုရာကိုသာ လွှဲယူ၍
အကြောင်းအရာသစ်ပေါ်တွင် တင်စားလိုပေသည် ။
     ဤနည်းဖြင့် စကားလုံးသစ် ဘန်းစကားများ ပေါ်ပေါက်လာရပေသည် ။
စကားပုံဘန်းစကား
      မြန်မာစကားတွင် စကားပုံများကိုလည်း မူရင်းစကားမှ လွှဲယူ၍ အနက်သစ်၌ စပ်ကာ
တင်စားသုံးစွဲလေ့ ရှိပေသေးသည် ။ပုံစံအားဖြင့် -                            ကတုံးပေါ် ထိပ်ကွက်သည် ၊
                           ကြက်ကန်း ဆန်အိုးတိုးသည် ၊
                           ဖွတ်မရ ဓားမ ဆုံးသည် ၊
         စသည်ဖြင့် သုံးစွဲလေ့ရှိသည် ။
                    လည်ပတ်သူတစ်ဦးပေါ်တွင် ပို၍လည်ပတ်အောင် အနိုင်ယူလိုက်သောအခါတွင် " ကတုံးပေါ် ထိပ်ကွက်သည် " ဟု ဆိုလေ့ရှိပေသည် ။
                    မမျှော်လင့်ဘဲ စွမ်းဆောင်မှုရှိသူအား ပကတိ အစွမ်းရှိ၍ မဟုတ်ဘဲ ကံအား
လျော်စွာ အကြောင်းတိုက်ဆိုင် အောင်မြင်ခြင်းသာ ဖြစ်ကြောင်းကို နှိမ့်ချလိုသောအခါ
" ကြက်ကန်း ဆန်အိုးတိုးသည် " ဟု တင်စားသုံးနှုန်းလေ့ရှိပေသည် ။
                    အကျိုးကျေးဇူးသစ် တစ်စုံတစ်ရာ မရဘဲ မိမိကပင် နစ်နာဆုံးရှုံးရသောအခါ
တွင်လည်း  " ဖွတ်မရ ဓားမဆုံးသည် " ဟူ၍ပင် တင်စားသုံးနှုန်းကြပေသည် ။
                    ဤသို့သော တင်စား စကားသစ်များသည် ကာလအားလျော်စွာ ဆန်းသစ်ပေါ်လွင်ကာစ၌ ဘန်းစကားအဖြစ် ထင်ရှားလေသည် ။ ကာလကြာမြင့်၍ အသုံး
များလာသောအခါ ဘန်းစကားအဖြစ်မှ အနည်ထိုင်၍ သုံးရိုးသုံးစဉ်စကား ဖြစ်လာတတ်
လေသည် ။
                    ဘန်းစကားဆိုသည်မှာ အချုပ်အားဖြင့် ပြည်သူလူထုအများ၏ အသိဥာဏ်မှ
ထုတ်လုပ်၍ မရှိသေးသော စကားသစ်အဖြစ် ဖော်ထုတ်တီထွင် သုံးစွဲကြသော ခေတ်ပေါ်
စကားများဖြစ်ပေသည် ။ မည်သူမည်ဝါကမျှ ဖန်တီးရမည်ဟူ၍ မသတ်မှတ်နိုင်ပေ ။ သင့်
နိုးရာကို တစ်စုံတစ်ဦးက ဆွဲခေါ်မည်တပ်၍ သုံးလိုက်လျှင် အခြားသူများက နှစ်သက်လက်
ခံ၍ စကားတွင်ကျယ်သည် ဆိုပါက ဘန်းစကားတစ်ရပ် ဖြစ်လာသည်သာ ဖြစ်လေသည် ။
                     ဘန်းစကားတစ်ရပ်၏ တွင်ကျယ်မှု ၊ မတွင်ကျယ်မှု ၊ ကြာရှည်တည်တံ့မှု ၊ ခ
ဏအတွင်း ပျက်ကွက်မှုတို့မှာ လူ့လောကတွင် အမှတ်မထင် ဖြစ်ပျက်နေသော သဘောရှိ
ပေသည် ။
                    ယေဘုယျအားဖြင့် အဓိပ္ပာယ်မပေါ်သော ဘန်းစကားအနက် ညစ်ညမ်းသော
ဘန်းစကား ၊ မဆီလျော်သော ဘမ်းစကား ၊ အရသာလေးနက် သစ်လွင်ခြင်း မရှိသော ဘန်းစကားတို့သည် အလျင်အမြန် တိမ်မြှုပ်သွားတတ်သည်သာ ဖြစ်ပေသည် ။
                   သို့ရာတွင် တစ်ချိန်တစ်ခါ၌ နှုတ်မတွင် ၊ အကြိုက်မတွေ့ ၊ မခန့်ညား၍ စာသုံး
အဖြစ် ၊ အရပ်သုံးအဖြစ် အလွယ်တကူ လက်မခံနိုင်ကြသေးကာမူ တစ်ချိန်တွင် ထိုစကား
လုံးကိုပင်လျှင် တွင်ကျယ် အမြစ်တွယ်လာသည်လည်း ရှိနိုင်ပေသည် ။ အချို့မှာလည်း
ရင်းမြစ်နစ်ငုတ်၍ ဆိုလိုသောသဘော အရိပ်အငွေ့သာ ကျန်ရှိခဲ့ပေရာ မည်သည့်စကားမှ
တင်စားစွယ်ပွားသည် ၊ မည်သည့်တင်စားမှုမျိုးတွင် ကျန်သည်တို့ကိုပင် မထောက်မှီ
တော့ပဲ ရှိတတ်လေသည် ။ ထိုအခါမျိုးတွင် နှုတ်သံကြားရာမှ မူရင်းအဓိပ္ပာယ် နစ်ငုတ်၍
အလွဲလွဲ အချော်ချော် အသုံးမှားကြသည်လည်း ရှိလေသည် ။
                    မည်သို့ပင်ဖြစ်စေ တွင်ကျန်နေခဲ့သော ဘန်းစကားများကို တစ်စုတစ်ပေါင်း
တည်း မှတ်သား၍ စနစ်တကျ သုံးစွဲခြင်းဖြင့် ဘာသာစကား၏ ဝေါဟာရ အင်အားကို
တိုးပွားစေနိုင်မည်သာ ဖြစ်ပေသည် ။
                      ဘန်းစကားများသည် အမြဲတစေအားဖြင့် ထင်ရာကို စွဲဆိုသုံးနှုန်းထား
သည့် ပရမ်းပတာ စကားများချည်းသာ မဟုတ်ပေ ။ ခေတ်ကာလတွင် အဓိပ္ပာယ်မရှိ ဆွဲစပ်ကာ ၊ ရှိပြီးစကားလုံးကို ပယ်ရှာ၍ သုံးနှုန်းအစားသွင်းသော စကားမျိုးမှာလည်း ကြာ
ရှည်ခံမည် မဟုတ်ပေ ။ အများအားဖြင့် နှုတ်တွင်လာခဲ့သော ဘန်းစကားများသည် နှုတ်မှ
တစ်ဆင့် စာပေပေါ်တွင်လည်း စွဲဝင်တွင်ကျယ်လာတတ်ပေသည် ။   ဘန်းစကားများကို လေ့လာခြင်းဖြင့် ၁ ။ ဥပစာ ၊ ဥပမာ ဖန်တီးပုံကို လည်းကောင်း ၊
၂ ။ လူမှုလောက အရပ်ရပ်၌ စူးစမ်းကျက်စားပုံကို လည်းကောင်း ၊
၃ ။ လူတို့ဥာဏ်နက်နဲစွာ ကွန့်ဆန်းပုံကိုလည်းကောင်း ၊
၎ ။ အရိုင်းကို အယဉ်ဆင်၍ နားဝင်ချိုသာအောင် သုံးစွဲပုံကို လည်းကောင်း ၊
၅ ။ ဝေါဟာရ နယ်ပယ်ဖြန့်ချဲ့ပုံကိုလည်းကောင်း ၊
၆ ။ ဝေါဟာရ အရင်းခံ၍ ပေါ်ပေါက်လာပုံကိုလည်းကောင်း ၊
၇ ။ ဝေါဟာရတစ်ခု၏ အတိမ်အနက် သဘောရောက်ပုံကိုလည်းကောင်း စေ့ငုစွာ သုံးသပ်
ဆင်ခြင်နိုင်ပေလိမ့်မည် ဖြစ်ပေသည် ။
            ဘန်းစကားတို့သည် လူပုဂ္ဂိုလ် တစ်ဦးတည်း၏ ကြံစည်တီထွင်ခြင်းမျှလည်း မဟုတ်ပေ ။ လူပေါင်းများစွာတို့၏ အနည်းငယ် တင်စားသုံးနှုန်းချက်များဖြစ်၍ သေချာစွာ
လေ့လာမည်ဆိုပ်က စိတ်ဝင်စားဖွယ်ရာများ တွေ့ရှိနိုင်၏ ။
           စာရေးရာတွင်ဖြစ်စေ ၊ စကားပြောရာတွင်ဖြစ်စေ ၊ စာလုံးများကို တသမတ်တည်း
သုံးစွဲသည်ထက် ဆီလျှော်ရာနေရာတို့တွင် ဘန်းစကားများကို ညှပ်သွင်း သုံးနှုန်းခြင်းဖြင့်
အဓိပ္ပာယ် ထိရောက်လေးနက်စေနိုင်ပေသည် ။
   ပုံစံအားဖြင့်....      " သူသည် ခရီးလမ်းများတတ်သူ ဖြစ်သည် " ဟူ၍ ရေးသည်ထက် " သူသည် ခြေရှည
တတ်သည် " ဟူ၍ ရေးခြင်းဖြင့် ထိရောက်လေးနက် စေနိုင်ပေသည် ။
    
သို့ရာတွင်.....
       " အလုပ်ကြိုးစားလေအောင် အား လှုံ့ဆော်ရန်လိုသည် " ဟူ၍ ရေးရမည့်နေရာတွင်
" အလုပ်ကြိုးစားလေအောင် ဘေးတီးပေးရန် လိုသည် " ဟူ၍ ရေးပါမူကား ခန့်ငြားလေး
နက်ခြင်း ရှိလိမ့်မည် မဟုတ်ပေ ။ ထို့ကြောင့် ဘန်းစကားများကို နေရာဌာန အားလျော်စွာ
နှိုင်းဆဆင်ခြင်၍ ထိုက်လျော်စွာ အသုံးပြုတတ်ရန်လည်း လိုပေသေးသည် ။ ပေါ်ထွက်
လာသော ဘန်းစကားများကိုလည်း သုံးသင့်သုံးထိုက်မှ စိစစ်သုံးစွဲရန် သတိပြုသင့်ပေ
သည် ။

No comments:

Post a Comment