ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Sunday, April 14, 2013

အတုပြုလုပ်ခြင်း

ဒါလား
အတုလုပ်ပစ္စည်းဆိုတာ
အတူလုပ်ရင်းက ရလာတဲ့အကျိုးလား
မြင်တာကိုကလိရင်း
မတော်တဆ အံကျသွားတာလား
ဘာပဲပြောပြော
ကိုယ်လုပ်ခဲ့တဲ့အကောင်အထည်ပေါ်
ကျေနပ်ပီတိ ဖြစ်ခဲ့ရတာပဲမဟုတ်လား
နည်းစနစ်မကျဘဲ အသုံးတည့်ခဲ့တာပေါ့
အမှန်က ဒါဟာ ချို့ယွင်းနေတဲ့ အမှားတစ်ခု
ပြောရရင်
ချို့ယွင်းနေတဲ့ အမှားတွေဟာ
အမှန်လို ပိပိရိရိ ဟန်ဆောင်နေတတ်တယ်ဆိုတာပဲ .။
ဒါလား
အတုလုပ်ပစ္စည်းဆိုတာ
ပုံစံမကွဲ တစ်ထပ်တည်းကျအောင် ပြုလုပ်ထားတာ
ဘယ်လိုကြည့်ကြည့် မသိရင် ရယ်ဒီမိတ်ပဲ
အရောင်အသွေးအဆင်ဒီဇိုင်း
ယုတ်စွအဆုံး တံဆိပ်ပေါ်က အကော့လေးတောင် မခြားနား
ဝယ်ယူလိုက်ကြ
ဝတ်ဆင်လိုက်ကြ
တပ်ဆင်လိုက်ကြ
သုံးစွဲလိုက်ကြ
ဈေးနှုန်းလည်းချိုသာကြ
နေရာတကာ
အတုလုပ်ပစ္စည်းတွေက တလက်လက်တောက်ပ
တစ်မြို့လုံး ၊ တစ်နယ်လုံး ၊ တစ်ကမ္ဘာလုံး
လူတွေပြုံးပျော်ရွှင်မြူးကြ
တန်ဘိုးနည်း အတုလုပ်ဇိမ်ခံပစ္စည်းတွေက
နေ့စဉ်နေ့တိုင်း ၀ယ်လိုအားမှီအောင် မထုတ်လုပ်နိုင်
ကုန်စည်လိုအပ်ချက်အရ
အတုလုပ်သင်တန်းကျောင်းများ ဟောတစ်ခု ဟောတစ်ခု
ကမ္ဘာ့စီးပွားရေးမူဝါဒက
လူတိုင်းအတုလုပ်နည်းပညာ တတ်မြောက်ရန်
ယနေ့မှစ၍ အတုလုပ်ပစ္စည်းများ လိုသလောက်ရယူနိုင်ပါပြီ
မြေအတု ၊ လေအတု ၊ မီးအတု ၊ ရေအတု
ဟင်းသီးဟင်းရွှက်အတု ၊ ဆန်အတု ၊ ဆီအတု ၊ ဘဲဥအတု ၊ ကြက်ဥအတု
အသားအတု ၊ သစ်သီးဝလံအတု ၊ ဆေးအတု
အတုလုပ်ပစ္စည်းများကြား
ယဉ်ကျေးမှုများ ၊ ကိုးကွယ်ယုံကြည်မှုများလည်း အတုဖြစ် ...။
ဒါလား
အတုလုပ်ပစ္စည်းဆိုတာ
ကမ္ဘာ့သိပ္ပံ ဇီဝဗေဒဌါနမှ
အထူးအတုပြုလုပ်ချက်သတင်းထွက်ပေါ်လာ
လူသားအတုများ စမ်းသပ်အောင်မြင်
(     )  ရက်တွင် ကမ္ဘာအနှံ့ရောင်းချသွားမည်ဖြစ်ကြောင်း
ကမ္ဘာ့အတုလုပ်ပညာ၏ အံ့ဖွယ်အောင်မြင်မှု
ကမ္ဘာအရပ်ရပ် မော်ဒယ်လျှောက်လှမ်း ခန်းမတွင်းမှာ
လူတွေပြည့်လျှံ
ဒီကနေ့ပွဲဟာ ကလုန်းပြုလုပ်ချက်နဲ့ လူသားအတုကိုရောင်းချမယ့် မိတ်ဆက်ပွဲ
အားလုံးမျက်လုံးများက လျှောက်လှမ်းပေါ်မှာစုပြုံ
ရင်သတ်ရှုမောဖွယ်ရာပြကွက်ကို စောင့်မျှော်နေသူတွေရဲ့ ကျွတ်စီကျွတ်စီ ( အသံများ )
ကြွရောက်လာတဲ့ ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား
လူကြီးမင်းများအတွက် လူသားပုံတူများကို ရောင်းချပေးမှာဖြစ်ပါတယ်
မကြာခင်အချိန်အတွင်း လျှောက်လှမ်းပေါ်မှာ လူကြီးမင်းတို့မျှော်လင့်စောင့်စားနေကြတဲ့
ကလုန်းလူသားများကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတာ အသိပေးကြေငြာလိုက်ပါတယ်
( ၂၂ ) ရာစု အတုလောကရဲ့ တန်ဖိုးအမြင့်ဆုံးနဲ့ ရောင်းအားအကောင်းဆုံးစံချိန်ကို
ကလုန်းလူသားများမှရရှိ
သွေးသားဆန္ဒမှာ ကလုန်းများက လူတွေရဲ့အဖြည့်ခံ
ပြောရရင် ကလုန်းတွေက
( ၂၂ ) ရာစုရဲ့ ကျွန်စနစ်သားကောင်များ
ကျွန်များတော်လှန်သလို ကလုန်းများတော်လှန်ကြ
သမိုင်းဘီး တစ်ပတ်ပြန်လည်ပတ်
ကလုန်းသုတ်သင်ရေးမှအစ
အတုလုပ်ပစ္စည်းမှန်သမျှ ဖျက်သိမ်းကြ
အတုလုပ်ကမ္ဘာမှာ အတုများဆိတ်သုန်းပြီးနောက်
ကျန်ခဲ့တာက သွေ့ခြောက်နေတဲ့ကမ္ဘာ ..။
ဒါလား
အတုလုပ်ပစ္စည်းဆိုတာ
အတူပြုလုပ်ခြင်းတွေ
တူအောင်ပြုလုပ်ခြင်းတွေ
နယ်မြေကလနား  စည်းမခြားတဲ့ တုပခြင်းတွေနဲ့ အတုပြုလုပ်ချက်တွေက
ကမ္ဘာကြီးကို ပြားပြားဝပ်စေခဲ့
တကယ်တော့ ....
အတုဆိုတာ .....
ချို့ယွင်းနေတဲ့အမှားတွေ
ဆတ်ဆော့ခြင်းရဲ့ အရည်အသွေးမမှီတဲ့ အကျိုးရလဒ်တွေသာဖြစ်တယ် ..။

                                                                                                   20 .AUGUST . 2011
                                                                                                   နိုင်ရဲသွေး



No comments:

Post a Comment