ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Sunday, April 14, 2013

ဘ၀လက်ကျန်ရှင်းတမ်း

 ငါ့အပေါ် မိုးမိုးထားတဲ့ ကံကြမ္မာက

ခတ်လိုက်တိုင်း ပြတ်ပြတ်သွားတဲ့
စောင်းကြိုးတေ့အတိုင်း
တင်းလွန်းတယ် ...။
အခွင့်ကောင်းဆိုတာ
ထွေရာလေးပါးစကားထဲတောင်
ပြောစရာအဖြစ် မေ့လျှော့နေခဲ့
ကြာလာတော့ စကားလုံးတွေကို
ကင်ဆာကြောက်သလိုကြောက်ရွိ့
လက်တွေ့မဆန်တဲ့အရိပ်ကို စောင့်ကြည့်နေမယ့်အစား
အရိုးကြေကြေ အရေခမ်းခမ်း
အပြင်းတန်ဆုံးတိုက်ပွဲတွေသာ ဆင်နွဲချင်တယ် ..။
လူ့အဖြစ်ကိုပြန်ကြည့်ရင်
ဘယ်အရာမှ မမြဲဘူးဆိုပေတဲ့
ငါရင်ခွင်ပိုက်ထားရတဲ့ အခက်အခဲတွေက
တည်မြဲခြင်းမက မြဲလွန်းတယ် ...။
အနုပညာသမားတစ်ယောက်အနေနဲ့
သိမ်မွေ့လှပအားပါတဲ့ စကားလုံးတွေ
မသုံးနိုင်သလို ကြေကွဲမှုမျိုး
ငါကြေကွဲနေရ ....
သစ်ရွက်တွေ တဖြုတ်ဖြုတ်ကြွေနေတဲ့
နွေတစ်ညကို တမ်းတသလိုမျိုး
ဘ၀ရဲ့အချိုးအကွေ့ကို တမ်းတမိ
ဘေးနားမှာအဖော်မပါ တစ်ကိုယ်တည်း
ကန္တာရဆန်ဆန် သွေ့ခြောက်မှုနဲ့
အလိုမတူဘဲ ပေါင်းသင်းနေရ
မျက်စိနှစ်လုံး ပွင့်ရာကနေ အနားယူတဲ့အထိ
ကိုယ့်ကိုယ်ကိုယ် တံတိုင်းခတ်ခံနေရတဲ့
ဟောဒီ့ .... ဘ၀ထဲမှာ
မျှောချင်ရာမျှော ကျချင်ရာကျတဲ့ လေပွေထဲကသစ်ရွက်လို
ခေါင်းတွေလည်း ချာချာမူးခဲ့ပြီ
မှီရာဖမ်းဆုပ်ဖို့ရာမှာလည်း
ဒဏ်ရာတွေအထပ်ထပ် ကျည်းပေါင်းတက်နေတဲ့

နာကျင်မှုအတွေ့အကြုံက
လ္ဘက်ရည်လေးတစ်ခွက်တောင်
စိတ်အတွေးနဲ့အေးအေးလူလူ မသောက်နိုင်ရှာဘူး
အခုတော့လည်း ...
ကြုံသမျှ ဘုံဘ၀မှာ
ပစ်တိုင်းထောင်လိုနေဖို့ အားမာန်တင်း
သီချင်းသစ်အတွက်
ချိုမြတဲ့သံစဉ်နဲ့စာသားတွေ ရှာဖွေဖို့ပဲကျန်တော့တယ် ...။
                                                                                                     နိုင်ရဲသွေး
                                                                                     7 . march . 2011 .

No comments:

Post a Comment