ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Saturday, April 20, 2013

နိုင်ငံရေးဆိုတာ ပါဝါကျင့်သုံးမှုဖြစ် တယ်

နိုင်ငံရေးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုမှုတွေမှာ ပါဝါကျင့်သုံးမှုအနေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ အကျယ်ပြန့်ဆုံး အဓိ ပ္ပာယ်ဖွင့်ဆိုချက် ဖြစ်ပါတယ်။ ဒီအမြင်အရဆိုရင် နိုင်ငံရေးဆိုတာ လူမှုရေး လုပ်ငန်းဆောင်တာတွေအားလုံးနဲ့ ပတ်သက် တာကြောင့် လူသားတွေတည်ရှိမှုဖြစ်စဉ်ရဲ့ နေရာစုံ၊ ထောင့်ပေါင်းစုံမှာ နိုင်ငံရေးဆိုတာ တည်ရှိနေပါတယ်။ Adrian Leftwich ရေးသားတဲ့ ”နိုင်ငံရေးဆိုတာဘာလဲ” ဆိုတဲ့ စာအုပ်ထဲမှာ နိုင်ငံရေးဆိုတာ စုဝေးမှုအသွင်သဏ္ဌာန်ဆောင်တဲ့ လူမှုရေးရာ လှုပ်ရှားမှုအားလုံးရဲ့ အသည်းနှလုံးဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီရှုထောင့်က ကြည့်မယ်ဆိုရင် နိုင်ငံရေး ဆိုတာ နိုင်ငံတကာအဆင့်၊ နိုင်ငံတော်အဆင့်တွေမှာတင်မကဘဲ လူမှုရေးဆက်စပ်မှုရှိတဲ့ မိသားစုတွင်းမှာ၊ မိတ်ဆွေသူ ငယ်ချင်းအုပ်စုတွေအတွင်းမှာပါ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအခါမှာ နိုင်ငံရေးဆိုတာ လူမှုစနစ် ဖြစ်တည်မှုဖြစ်စဉ်ရဲ့ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ အရင်းအမြစ်အသုံးပြုမှုအားလုံးနဲ့ သက်ဆိုင်လာပါတယ်။ ဒါပေမယ့် အရင်းအမြစ်ဆိုတာက ရှား ပါးပြီး၊ လူသားတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒတွေကတော့ အဆုံးအစ မရှိပါဘူး။ ဒါကြောင့်လဲ ရှားပါးတဲ့အရင်းအမြစ်တွေ ကို ရယူပိုင်ဆိုင်မှုတွေအတွက် ရုန်းကန်လှုပ်ရှားမှုတွေ ပေါ်ထွက်လာပါတယ်။ ဒီလိုရုန်းကန်လှုပ်ရှားမှုတွေမှာ အသုံးပြုတဲ့ နည်းလမ်းတွေဟာ ပါဝါကျင့်သုံးမှုတွေ ပါဝင်လာပါတယ်။
ဒီနေရာမှာ ပါဝါကျင့်သုံးမှုရဲ့ မျက်နှာစာသုံးခုကို ထည့်သွင်းစဉ်းစားဖို့ လိုလာပါတယ်။ မောင်ခခွေး က သူ့ဘာသာသူ ပြု လုပ်မှာမဟုတ်တဲ့ အလုပ်တစုံတရာကို မောင်ကကြီးက လုပ်စေနိုင်တယ်ဆိုရင် မောင်ကကြီးက မောင်ခခွေးအပေါ် ပါဝါ ကျင့်သုံးမှု ရှိတယ်လို့ဆိုနိုင်ပါတယ်။ ဒီတော့ မောင်ခခွေးအပေါ် မောင်ကကြီးက ဘယ်လိုသဏ္ဌာန်တွေနဲ့ လွှမ်းမိုးမှု လုပ် နိုင်မလဲ။ ပါဝါကျင့်သုံးမှုရဲ့ မျက်နှာစာသုံးခုဖြစ်တဲ့ ပါဝင်ကျင့်သုံးသူ လိုလားတဲ့ ဆုံးဖြတ်ချက်ချမှတ်စေခြင်း၊ အတွေးအခေါ် အရ ထိန်းချုပ်ခြင်း၊ agenda ချပေးခြင်း စတာတွေနဲ့ ပြုလုပ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်ချမှတ်စေခြင်းဆိုတာက သူတပါးရဲ့ ဆုံးဖြတ်ချက်ချမှတ် လုပ်ကိုင်ဆောင်ရွက်မှုတွေထဲမှာ ကိုယ်လိုချင်တဲ့အကြောင်းအရာတွေ ပါဝင်လာအောင် လွှမ်းမိုးချုပ် ကိုင်မှုဖြစ်ပါတယ်။ Three Faces of Power (1989) စာအုပ်ထဲမှာ စာရေးသူ Keith Boulding က နိုင်ငံတနိုင်ငံ (သို့) လူ တဦးရဲ့ ဆုံးဖြတ်ချက်တွေကို တခြားနိုင်ငံတနိုင်ငံ၊ လူတဦးက လွှမ်းမိုးတဲ့အခါမှာ အင်အားအသုံးပြုခြင်း၊ သစ္စာစောင့်သိ စေခြင်း၊ အပြန်အလှန်အကျိုးစီးပွား ဖန်တီးညှိနှိုင်းခြင်း စတဲ့နည်းလမ်းတွေကို အသုံးပြုလေ့ရှိကြကြောင်း ရေးသားတင်ပြ ခဲ့ပါတယ်။
ပါဝါကျင့်သုံးမှုရဲ့ နောက်ထပ်မျက်နှာစာတခုကတော့ အတွေးအခေါ်အရ ထိန်းချုပ်မှုဖြစ်ပါတယ်။ဒီမျက်နှာစာမှာ ပါဝါကျင့် သုံးသူဟာ အင်အားအသုံးပြုမှုတွေ၊ သစ္စာစောင့်သိစေရန် ကြိုးပမ်းမှုတွေ ပြုလုပ်တာမဟုတ်ဘဲ လူသားတွေရဲ့ တွေးခေါ် စဉ်းစားမှု၊ လိုအင်ဆန္ဒနဲ့ လိုအပ်ချက်တွေကို ပုံဖော်လွှမ်းမိုးတာ ဖြစ်ပါတယ်။ စစ်ပွဲတွေ၊ နိုင်ငံရေးရာတွေမှာ ၀ါဒဖြန့်ချိရေး ပြုလုပ်တာဟာ ဒီမျက်နှာစာကို အသုံးပြုပြီး ပါဝါကျင့်သုံးမှုဖြစ်ပါတယ်။
ဒီနေရာမှာ စာနယ်ဇင်းသမားကျင့်ဝတ်နဲ့ ၀ါဒဖြန့်ချိရေးသမားကျင့်ဝတ် မတူပါဘူး။ စာနယ်ဇင်းသမားက ဖြစ်စဉ်တရပ်ပေါ် မှာ ရှုထောင့်မျိုးစုံကနေ တင်ပြရပါတယ်။ ၀ါဒဖြန့်ချိရေးသမားက မိမိရဲ့ ရပ်တည်ချက် ရှုထောင့်ကနေ တင်ပြရပါတယ်။ ဖြစ်ရပ်တွေမှာ တခုထက်ပိုတဲ့ အမှန်တရားတွေ ရှိနေတတ်ပါတယ်။ ဘယ်အမှန်တရားကို ဘယ်သူတွေကို ကိုယ်စားပြုပြီး ဒီဖြစ်စဉ်ကို တင်ပြမှာလဲဆိုတာက ရပ်တည်ချက်နဲ့ ဆိုင်လာပါတယ်။ ဥပမာ-စစ်ခေါင်းဆောင်တွေက အမိန့်ပေးတဲ့အ တွက် ဆန္ဒပြတဲ့ ပြည်သူတွေကို ပစ်သတ်မှုဖြစ်စဉ်တခု ဖြစ်ပွားပြီဆိုပါစို့။ စစ်သားတွေက စစ်မိန့်ကိုနာခံတာ၊ ပြည်သူတွေ က သူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်တာ၊ ပြည်သူတွေ ဒီကို ဆန္ဒဖော်ထုတ်ရခြင်းရဲ့ အခြေခံအကြောင်းရင်းစတဲ့ အချက်တွေ အများကြီးပါဝင်ပါတယ်။ ဒါကို စစ်အာဏာရှင်ဘက်က ၀ါဒဖြန့်ချိတဲ့အခါ ဆန္ဒပြတဲ့ ပြည်သူတွေကို အဖျက်သမားတွေ အ နေနဲ့ ပြောမှာဖြစ်ပါတယ်။ စစ်မိန့်နာခံတဲ့ စစ်သားတွေကို သစ္စာစောင့်သိတဲ့ သူရဲကောင်းတွေအနေနဲ့ ပုံဖော်မှာ ဖြစ်ပါ တယ်။ တပြိုင်နက်တည်းမှာပဲ စစ်မိန့်မနာခံသူတွေ၊ လူထုနဲ့ ပူးပေါင်းသူတွေကို တပ်ပြေးတွေ၊ သစ္စာဖောက်တွေအနေနဲ့ ပုံဖော်မှာဖြစ်ပါတယ်။ ဒါက စစ်တပ်ဘက်က ၀ါဒဖြန့်ချိရေးသဏ္ဌာန်ပါ။
ဒါကို တော်လှန်ရေးသမားတွေဘက်က ၀ါဒဖြန့်ချိရေးမှာကျတော့ စနစ်ရဲ့ ဆိုးကျိုးတွေကို ဖော်ထုတ်ပြမှာ ဖြစ်ပါတယ်။ ပြည်သူလူထုကို သစ္စာမခံပဲ လူထုကို ဖိနှိပ်တဲ့ အာဏာရှင်တွေအပေါ် သစ္စာစောင့်သိတာကို ရှုံ့ချပါတယ်။ ဝေဖန်ပြောဆို ပါတယ်။ ပြည်သူလူထုနဲ့ တသားတည်းဖြစ်လာတဲ့ ဘက်ပြောင်း တပ်မတော်သားတွေကို သူရဲကောင်းတွေအဖြစ် ပုံဖော် မှာ ဖြစ်ပါတယ်။ ဒါက တော်လှန်ရေးသမားတွေဘက်က ၀ါဒဖြန့်ချိရေးသဏ္ဌာန်ပါ။
ဒါကို စာနယ်ဇင်းသမားတွေကကျတော့ ကိုယ်လုပ်နေတဲ့ စာနယ်ဇင်း၊ သတင်းဌာနရဲ့ ရပ်တည်ချက်အပေါ် အခြေခံပြီး တင်ပြပုံ၊ တင်ပြနည်းကွာပြန်ပါတယ်။ ဘယ်စာနယ်ဇင်း၊ သတင်းမီဒီယာမှာမဆို ရပ်တည်ချက်၊ ကျင့်ဝတ်၊ စည်းကမ်းတွေ ရှိပါတယ်။ ဒီနေရာမှာလဲ ကျင့်ဝတ်၊ စည်းကမ်းတွေက အခြေခံထားတဲ့ စည်းမျဉ်းတွေ၊ အိုင်ဒီရော်လော်ဂျီတွေအားလုံး တပုံစံတည်း မဟုတ်ပါဘူုး။ လုံးဝ ဘက်လိုက်မှုကင်းချင်မှ ကင်းပါလိမ့်မယ်။ အချက်အလက်ကို ရာနှုန်းပြည့်နီးပါး ဦးစား ပေးရတဲ့ သတင်းတွေမှာတောင် သတင်းဌာနတခုနဲ့ တခု တင်ပြပုံ မတူပါဘူး။ တင်ပြပုံဆိုတာမှာလဲ သမိုင်းဆရာအနေနဲ့ တင်ပြမှု၊ သုံးသပ်လေ့လာသူအနေနဲ့ တင်ပြမှု၊ တော်လှန်ရေး ဘက်တော်သား စာနယ်ဇင်းသမားတယောက်အနေနဲ့ တင် ပြမှု၊ အာဏာရှင်ဘက်တော်သား စာနယ်ဇင်းသမား တယောက်အနေနဲ့ တင်ပြမှု၊ ပညာရှင်တယောက်အနေနဲ့ အကြောင်း နဲ့ အကျိုးသုံးသပ်တင်ပြမှု စတာတွေအားလုံးမှာ ကွဲပြမှုတွေ ရှိနိုင်ပါသေးတယ်။
ပါဝါနဲ့ ပတ်သက်တဲ့ နောက်ထပ်မျက်နှာစာ တခုကတော့ agendaချမှတ်ပေးမှုပါ။ နိုင်ငံရေး အဖွဲ့အစည်းတခုကိုပဲဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံကိုပဲဖြစ်ဖြစ်၊ လူတယောက်ကိုပဲဖြစ်ဖြစ် ချမှတ်သင့်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လို့မရအောင် ပါဝါကျင့်သုံးပြီး လွှမ်းမိုးမှုဖြစ်ပါတယ်။ ဒီနည်းလမ်းကို နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးကဏ္ဍစုံမှာ အသုံးပြုကြပါတယ်။political agenda တွေ မှာ ကိုယ့်အကျိုးစီးပွားနဲ့ မကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လို့မရအောင် ထိန်းချုပ်လို့ရတဲ့ ပါဝါကျင့်သုံးမှုဖြစ်ပါတယ်။ အချိန်မီဆုံးဖြတ်ရမယ့် ကိစ္စရပ်တွေကို အချိန်မမီအောင် ပြုလုပ်တာ၊ အရေးကြီးကိစ္စတခုဖြစ်ပွားနေချိန်မှာ တခြားအများ စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေနဲ့ လမ်းလွှဲတာ၊ နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းတွေရဲ့ ဦးတည်ချက်လမ်းကြောင်း တွေကို လွှဲပေးတာတွေဟာ ဒီပါဝါကျင့်သုံးမှု မျက်နှာစာမှာ အကျုံးဝင်ပါတယ်။
နိုင်ငံရေးဆိုတာ ပါဝါနဲ့ ပတ်သက်တယ်ဆိုတဲ့ ရှုထောင့်ကို အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူအများအပြားက ထောက် ခံကြပါတယ်။ အစဉ်အလာဓလေ့ထုံးစံတွေက အမျိုးသမီးတွေရဲ့ လုပ်ငန်းတာဝန်ဆိုတာ အိမ်မှုကိစ္စတွေအနေနဲ့ သတ် မှတ်ပြီး အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားတတ်ကြပါတယ်။ အမျိုးသားတွေကသာ ပြင်ပ ကမ္ဘာမှာ လှုပ်ရှားနေရသူများဖြစ်တဲ့အတွက် နိုင်ငံရေး ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့ ဒီထုံးတမ်းစဉ်လာတွေကို အမျိုးသ မီးအခွင့်အရေးလှုပ်ရှားသူတွေက ဆန့်ကျင်ပြီး “ကိုယ်ရေးကိုယ်တာဟာလဲ နိုင်ငံရေးဖြစ်တယ်” လို့ ကြွေးကြော်ခဲ့ကြပါ တယ်။ မိသားစုဘ၀၊ တဦးချင်းဘ၀ရဲ့ အခြေအနေဆိုတာတွေဟာ နိုင်ငံရေးစနစ်တွေ၊ လှုပ်ရှားမှုတွေရဲ့ ရိုက်ခတ်မှုကို ခံစားကြရစမြဲဖြစ်တာကြောင့် နိုင်ငံရေးဆိုတာ မိသားစုဘ၀နဲ့ ဆက်စပ်နေတယ်လို့ သူတို့က ဆိုကြပါတယ်။
Sexual Politics (1969) စာအုပ်ထဲမှာ စာရေးသူ Kate Millet က နိုင်ငံရေးဆိုတာ လူအုပ်စုတခုကနေ တခုကို ချုပ်ကိုင် ထားတဲ့ အစီအမံတွေဖြစ်တာကြောင့် မိသားစုဘ၀တွေမှာ အမျိုးသားတွေက အမျိုးသမီးတွေကို ၀င်ငွေအရ၊ ထုံးတမ်းစဉ် လာအရ၊ စာပေအကိုးအကားတွေအရ နိမ့်ကျသူတွေအဖြစ် မိမိကိုယ်မိမိ လက်ခံလာအောင် ပြုလုပ်ထိန်းချုပ်ထားတာ တွေ ကို နိုင်ငံရေးအနေနဲ့ သတ်မှတ်နိုင်ကြောင်း ရေးသားထားခဲ့ပါတယ်။ မ၀ါဒီတွေက နိုင်ငံရေးဆိုတာ နေ့စဉ်လူမှုဘ၀နဲ့ ဆက်စပ်တယ်လို့ အခိုင်အမာ ယုံကြည်ထားကြပါတယ်။ သူတို့အမြင်အရ အိမ်ထောင်ဘက်နှစ်ဦးအကြားက ဆက်ဆံရေး၊ မိဘနဲ့ သားသမီးဆက်ဆံရေး၊ အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေး၊ အစိုးရနဲ့ နိုင်ငံသူနိုင်ငံသားအကြားက ဆက်ဆံရေး စတာတွေမှာ ပါဝါကျင့်သုံးမှုတွေ အပြန်အလှန်ရှိနေတာကြောင့် ဒါတွေကို နိုင်ငံရေးအဖြစ် ယူဆနိုင်ပါတယ်။
ဒါကြောင့်နိုင်ငံရေးဆိုတာ စကားလုံးရဲ့ အနက်အဓိပ္ပာယ်မှာတင် အလွန်ကို ကျယ်ဝန်းနက်နဲတဲ့ စကားလုံးတခုအနေနဲ့ သတ်မှတ်နိုင်ပါတယ်။ ဒီလိုနက်နဲလှတဲ့ နိုင်ငံရေးပညာကို လေ့လာတဲ့အခါမှာကျတော့ သဘောတရားတွေ၊ သီအိုရီတွေ၊ စနစ်တွေ၊ အတွေးအခေါ်တွေ ဘက်ပေါင်းစုံကနေ ပေါင်းစပ်ပါဝင်လာတာကြောင့် ပိုမိုကျယ်ပြန့်သွားပါတယ်။ ရှေးခေတ် တွေမှာတုန်းကတော့ နိုင်ငံရေးကို ပညာရပ်တခုအဖြစ် လေ့လာတဲ့အခါမှာ ဒဿနိကဗေဒ၊ ဥပဒေ၊ သမိုင်းပညာရပ်တွေရဲ့ ဘာသာရပ်ခွဲတခုအနေနဲ့ပဲ သတ်မှတ်လေ့လာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ လူ့အဖွဲ့အစည်း ဖြစ်တည်မှုရဲ့ အခြေ ခံစည်းမျဉ်းတွေကို ဖော်ထုတ်လေ့လာဖို့ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာဆန်းစစ်မှုရဲ့ မူရင်းအစဟာ ရှေးခေတ်ဂရိပြည်လို့ ဆိုနိုင်ပါတယ်။ ပလေတိုနဲ့ အရစ်တိုတယ်တို့ဟာ နိုင် ငံရေးကို ဒဿနိကဗေဒရှူထောင့်ကနေ လေ့လာသုံးသပ်တဲ့ ဒဿနိကဗေဒဆိုင်ရာ အစဉ်အလာ ( Philosophical tradition) ရဲ့ ဖခင်များပဲ ဖြစ်ပါတယ်။ medieval theorists တွေဖြစ်တဲ့ Augustine နဲ့ Aquinas တို့ရဲ့ ရေးသားချက်တွေ မှာလဲ သူတို့ရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးမှုရှိပါတယ်။ ဒီလို ဒဿနိကဗေဒအစဉ်အလာအရ လေ့လာမှုတွေမှာ တန်ဖိုး၊ စံနှုန်းစံထား၊ ကိုယ်ကျင့်တရား စတာတွေနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ၊ မေးခွန်းတွေ(normative questions) အ များအပြား ပါဝင်ပါတယ်။ ဘာဆိုတာထက် ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို ဦးစားပေးဖော်ပြချက် များပါတယ်။ ဥပမာ-ဘာကြောင့် နိုင်ငံတော်က ချမှတ်တဲ့ဥပဒေကို လိုက်နာသင့်သလဲ၊ ပုဂ္ဂလိက လွတ်လပ်ခွင့်မှာ အများကို မထိခိုက်အောင် ဘယ်လိုကန့်သတ်ချက်တွေ ရှိသင့်သလဲ စတာမျိုးတွေပါ။
နိုင်ငံရေးလေ့လာမှုဆိုင်ရာ နောက်ထပ်အစဉ်အလာတခုကတော့ ကိန်းဂဏာန်း အခြေပြအစဉ်အလာ empirical tradition ဖြစ်ပါတယ်။ ဒီအစဉ်အလာကို ဖွဲ့စည်းပုံအခြေခံဥပဒေအမျိုးအစားတွေကို ခွဲခြားပြခဲ့တဲ့ အရစ္စတိုရဲ့စာ၊ Machiavelli ရေးသားခဲ့တဲ့ realistic account of statecraft နဲ့Montesquieu ရေးသားခဲ့တဲ့ အစိုးရနဲ့ ဥပဒေဆိုင်ရာ လူမှု ဗေဒသီအိုရီ တွေထဲမှာ တွေ့မြင်နိုင်ပါတယ်။ ၁၇ ရာစုနှောင်းပိုင်းကာလတွေမှာ John Locke နဲ့ David Hume တို့ရဲ့ doctrine of empiricism ပျံ့နှံ့လာပါတယ်။ Doctrine of empiricism က အတွေ့အကြုံဆိုတာ အသိပညာရဲ့ အခြေခံ ဖြစ်တာကြောင့် သီအိုရီတွေ၊ အဆိုအမိန့်တွေအားလုံးကို လေ့လာစောင့်ကြည်မှုတွေနဲ့ စမ်းသပ်ရမယ်လို့ ဆိုထားပါတယ်။ ၁၉ ရာစုရောက်တော့ ဒီအတွေးအခေါ်တွေဟာ positivism၀ါဒထွန်းကားလာရေးဆီကို ဦးတည်သွားပါတော့တယ်။
နိုင်ငံရေးကို သိပ္ပံပညာဝေါဟာရတွေနဲ့ ဖော်ပြဖို့ ပထမဆုံးကြိုးပမ်းခဲ့သူကတော့ materialist conception of history ကို အသုံးပြုပြီး သမိုင်းကြောင်းတိုးတက်မှုတွေရဲ့ တွန်းအားကို ဖော်ထုတ်နိုင်ခဲ့တဲ့Karl Marx ပဲဖြစ်ပါတယ်။ ၁၈၇၀ ကာလ တွေမှာ နိုင်ငံရေးကို သိပ္ပံပညာရပ်အနေနဲ့ သတ်မှတ်မှုတွေ ထွက်ပေါ်လာပါတယ်။ အောက်စဖိုဒ့်၊ ပဲရစ်နဲ့ ကိုလံဘီယာ တက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားလာကြပါတယ်။ (၁၉၀၆) ခုနှစ်မှာ အမေရိကန်နိုင်ငံရေးသိပ္ပံ လေ့လာရေးစာစောင် ထွက်ပေါ် လာပါတယ်။ (၁၉၅၀-၆၀)ကာလတွေကျတော့ သိပ္ပံနည်းကျနိုင်ငံရေး လေ့လာမှုတွေ အားကောင်းလာပါတယ်။ David Easton ရဲ့ နိုင်ငံရေးဆိုတာ သဘာဝသိပ္ပံနည်းလမ်းတွေကိုပါ သင့်လျော်သလို ဆွဲယူ အသုံးပြုနိုင်တဲ့ ပညာရပ်တခုဖြစ်တယ်ဆိုတဲ့ အဆိုထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အရေအတွက် အခြေပြုသုတေသန နည်းလမ်းများကို အသုံးပြုပြီး နိုင်ငံရေးလေ့လာဆန်းစစ်ချက်တွေ ပိုပြီး များပြားလာပါတယ်။ ဥပမာ-မဲပေးမှုပြုမူဆောင် ရွက်ပုံတွေ၊ တရားရေးရာပြုမူဆောင်ရွက်ပုံတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပြုမူဆုံးဖြတ်ပုံ စတာတွေမှာ ဖြစ်ပါတယ်။လေ့လာ စောင့်ကြည့်ထားတဲ့ ပြုမူဆောင်ရွက်ပုံတွေပေါ်မှာ အခြေတည်ပြီး လူမှုသီအိုရီတွေ တည်ဆောက်ရမယ်ဆိုတဲ့ ယုံကြည် မှု (Behaviouralism) ဟာ(၁၉၅၀-၆၀) ကာလတွေရဲ့ နိုင်ငံရေးလေ့လာမှုတွေကို လွှမ်းမိုးထားခဲ့ပါတယ်။
(၁၉၆၀) နောက်ပိုင်းကာလရောက်တော့ Behaviouralism ကို မကျေလည်မှုတွေ ထွက်ပေါ်လာပါတယ်။နိုင်ငံရေးဆိုတာ ကိန်းဂဏာန်းတွေနဲ့ပဲ တိုင်းတာလို့ မရဘူးဆိုတာကို ငြင်းဆိုမှုတွေရှိလာပါတယ်။ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီညွတ်မှု၊ အခွင့်အရေးစတာတွေကို ကိန်းဂဏာန်းနဲ့ တိုင်းတာလို့ မရနိုင်ကြောင်း ပြောဆိုလာကြပါတယ်။ ဒီလိုနဲ့ (၁၉၇၀) ကာလ တွေမှာ ကိုယ်ကျင့်တရား၊ စံချိန်စံညွန်းစတာတွေနဲ့ဆိုင်တဲ့ normative questions တွေဆီ ပြန်လှည့်လာကြပါတယ်။ John Rawls နဲ့ Robert Nozick တို့ရဲ့စာတွေမှာ ဒီသဘောတရားတွေ အများအပြား ပါဝင်ပါတယ်။
နောက်ပိုင်းကျတော့ နိုင်ငံရေးလေ့လာမှုတွေမှာ နိုင်ငံရေးဘောဂဗေဒ၊ ပြည်သူ့ရွေးချယ်မှုသီအိုရီ (public-choice theory)၊ Rational Choice theory စတာတွေ ပေါ်ထွက်လာပါတယ်။ ဒီသီအိုရီတွေက ဘောဂဗေဒ သီအိုရီတွေမှာ အ ခြေခံထားတာ ဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုပြီး Antony Downs, Mancur Olson နဲ့ William Nikanen တို့က ပါတီ ယှဉ်ပြိုင်မှု၊ အကျိုးအမြတ်အုပ်စု ပြုမူဆောင်ရွက်ပုံတွေနဲ့ ဗျူရိုကရက်တွေရဲ့ မူဝါဒလွှမ်းမိုးမှုစတာတွေကို လေ့လာခဲ့ကြ ပါတယ်။ နိုင်ငံရေးလေ့လာမှုတွေမှာ အသုံးများတဲ့ နောက်ထပ်သီအိုရီတခုကတော့ သင်္ချာဘာသာရပ်ကနေ သက်ဆင်း လာတဲ့ ဂိမ်းသီအိုရီဖြစ်ပါတယ်။ နိုင်ငံရေးရှုပ်ထွေးမှုတွေ၊ အကျပ်အတည်းကာလတွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချ မှတ်နိုင်ဖို့အတွက် အသုံးပြုသင့်တဲ့ သီအိုရီတခုဖြစ်ပါတယ်။
သင်္ချာနဲ့ စီးပွားရေးသီအိုရီတွေကနေ သက်ဆင်းလာတဲ့ နိုင်ငံရေးသီအိုရီအသစ်တွေသာမက ၀ါဒသစ်၊ အတွေးအခေါ်သစ် တွေလဲ အများအပြား ပေါ်ပေါက်လာပါတယ်။ အမျိုးသမီးဝါဒဟာ ကျားမကွဲပြားခြားနားမှုတွေကို ထုတ်ဖော်ရင်း နိုင်ငံရေး ဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပာယ်ကို မေးခွန်းထုတ်နေပါတယ်။ Green Politics ဟာ လူသားတွေကို ဦးစားပေးစဉ်းစားမှု (anthropocentric emphasis) မှာ အခြေခံတဲ့ နိုင်ငံရေး၊ လူမှုရေးသီအိုရီတွေကို စိန်ခေါ်ပြီး၊ သဘာဝပတ်ဝန်းကျင် သ ဘောတရားတွေကို ဦးစားပေးစဉ်းစားမှု (holistic emphasis) ပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေး၊ လူမှုရေး နားလည်မှုတွေ ကို ဖြန့်ဖြူးနေပါတယ်။ ၁၉၂၃ မှာ ပေါ်ပေါက်လာတဲ့ ဖရန့်ဖတ်ကျောင်းတော်ရဲ့ မာ့စ့်လက်သစ်ဝါဒပေါ်မှာ အခြေခံထား တဲ့ critical theory ဟာ လက်ရှိကျင့်သုံးနေတဲ့ လူမှုထုံးတမ်းစဉ်လာတွေကို ဝေဖန်မှုတွေ ပြုလုပ်နေပါတယ်။
ဒီလိုဝါဒတွေ၊ သီအိုရီတွေ အများအပြားအကြားမှာ နိုင်ငံရေးလေ့လာသူတယောက်ဟာ နိုင်ငံရေးသဘောတရားတွေ (political concepts) နိုင်ငံရေးသီအိုရီတွေ (political theories) နိုင်ငံရေးမော်ဒယ်တွေ (political models) အတွေးအ ခေါ်အိုင်ဒီယော်လော်ဂျီတွေ (ideological traditions/ paradigms) တွေကို ကွဲကွဲပြားပြား သိနားလည်ဖို့ လိုအပ်လှပါ တယ်။


No comments:

Post a Comment