ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Saturday, April 20, 2013

အိမ်ပြန်လမ်း



ဒီခေါင်းစဉ်လေးကိုပေးပြီး ရေးရတဲ့အကြောင်းအရင်းက အိမ်နဲ့ဝေးကွာနေတဲ့ သူငယ်ချင်း
တွေနဲ့ ပြန်ဆုံတွေ့လို့စကားစပ်မိရာက ပေါ်လာတဲ့အတွေးအကြောင်းကို မျှဝေခံစားစေလိုတဲ့
ခံစားချက်ကြောင့်ပါ ။ ကိုယ်ကိုတိုင်လည်း ကြုံခဲ့ဖူးတော့ ဒါလေးက အမှတ်မထင်ရင်ထဲက
ဖွင့်ဟချင်တဲ့ ဆန္ဒတစ်ခုဖြစ်လာရတယ် ။
ကျွန်တော် ဧရာဝတီမြစ်တစ်ကြောမှာ တော်တော်ကြာကျင်လည်ခဲ့ရပါတယ် ။ အဲဒီတုန်း
က ဘယ်ကြည့်လိုက်ကြည့်လိုက် ရေပြင်ကလွဲပြီး ဘာမှမတွေ့ရတဲ့ နေ့ရက်တွေကများပါတယ်
လုပ်တဲ့အလုပ်က ဒီဇယ်ဆီတင်တဲ့တွဲမှာ တာဝန်ခံလိုက်ရတာပေါ့ဗျာ ။ ဆီကိုတော့ အမှတ်
၁-သန်လျှင်ဆီတင်ဆိပ်ကမ်းကနေ သယ်ရတာပေါ့ ။ တစ်ခါသယ်ရင် အနည်းဆုံး ဂါလံ
၁၀၀၀၀၀ ပါ ။ သံလျှင်ကနေ စထွက်ရင် စစ်ကိုင်းအရောက် ကိုးညအိပ် ဆယ်ရက်ကြာပါ
တယ်..။ ဆီစောင့်ရတဲ့အခေါက်တွေဆိုရင် ရန်ကုန်မှာတင် (၃ ) ရက်လောက်ကြာသွား
ပါတယ် ။ သင်္ဘောစထွက်ပြီဆိုတာနဲ့ အခြားလှေတွေနဲ့တွေ့တဲ့အချိန်ရယ် ကမ်းကပ်တဲ့
အချိန်ရယ်ကလွဲပြီး ရေပြင်ကလွဲလို့ဘာမှမတွေ့ရပါဘူး ။ ပျင်းရီစရာလည်းကောင်းသလို
လွမ်းမောစရာလည်းကောင်းပါတယ် ။ လေနီကြမ်းတိုက်တဲ့အချိန်တွေမှာဆိုရင် ကြောက်စ
ရာကောင်းပါတယ် ။ ဒါက ဘာမှမဖြစ်လောက်တဲ့ မြစ်ကျဉ်းကျဉ်းပါပဲ ။ ကျွန်တော်က ပင်
လယ်ပြင်ထွက်ပြီး သွားနေရတဲ့သင်္ဘောသား ဘဝကို အဲဒီကတည်းက ကိုယ်ချင်းစာနာ
ခဲ့ရပါတယ် ။ သူတို့ပင်လယ်မှာ မုန်တိုင်းမိရင် ဘယ်လောက်များ ခြောက်ခြားနေမလဲပေါ့
လေ ။ အတွေ့အကြုံမများသေးခင်အထိပေါ့ ။ အဲဒီတော့ အခက်အခဲတွေ အသက်အန္တရယ်
တွေနဲ့တွေ့ကြုံလာတဲ့အခါ ပထမဆုံး သတိရမိတာက မိမိရဲ့ အိမ်လေးကိုပါ ။
မိဝေးဖဝေး တစ်နယ်တစ်ကျေးမှာ အိမ်ကိုသတိရဆုံးအချိန်က ဖျားနာပြီး အိပ်ရာထဲ
မှာ ခေါင်းမထောင်နိုင်တဲ့ အချိန်ပါ ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်ထဲမှာ ဂရုတစိုက် အားပေးပြု
စုတဲ့သူ ရှိတယ်ဆိုဦးတော့ ကိုယ့်ရင်ထဲမှာ အမှန်တကယ်တေင့်တတာက ကိုယ့်ရဲ့မိသားစု
နဲ့ အိမ်ကလေးကိုပါ ။ ဒီလိုအနေဝေးပြီး ဖျားနာနေတဲ့အချိန်မှာ တစ်ခါတစ်လေ အခုနေများ
ငါသေသွားလို့ရှိရင်ဆိုတဲ့ အတွေး ဝင်လာတတ်ပါတယ် ။ အဲဒီလိုအခါမျိုးမှာ လူဟာ စိုးရိမ်
စိတ်ဝင်လာတတ်ပါတယ် ။ ဘာကိုစိုးရိမ်တာလဲဆိုတော့ မိမိမိသားစုအသိုင်းအဝိုင်းအတွင်း
မှာ ၊ ကိုယ့်ဒေသမှာ ၊ မသေရမှာကို ကြောက်ရွိ့တဲ့စိုးရိမ်စိတ်ပါ ။ သေရမှာကိုကြောက်တဲ့
စိုးရိမ်စိတ်မဟုတ်ပါဘူး ။ ဒါနဲ့ပတ်သတ်ပြီးကျွန်တော်နားလည်တာ တစ်ခုက တစ်ချို့လူတွေ
ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဇာတိမြေမှာပဲ ခေါင်းချချင်တာ ၊ ကိုယ်သေခဲ့လို့ရှိရင် ကိုယ့်ရဲ့အရိုး
ကို ဇာတိမြေမှာပဲ မြှုပ်နှံစေချင်တယ်ဆိုတဲ့ ဆန္ဒကိုပါပဲ ။ ဒါဟာဘာကိုပြသလဲဆိုတော့
သမုဒယသံယောဇဉ်ဆိုတဲ့ မိမိနဲ့မိသားစု ၊ မိမိနဲ့မိမိရပ်ရွာပေါ် ထားရှိတဲ့ လူသားတစ်ဦးရဲ့
မွေးရာပါ ဗီဇစိတ်ရဲ့ဆန္ဒစွဲကိုပါပဲ ။ ကျွန်တော့အထင်ကတော့ ဒီဆန္ဒစွဲကြောင့်ပဲ ကိုယ့်အ
ရပ်က လူတစ်ယောက်နဲ့တစ်နယ်မှာတွေ့လိုက်ပြီဆိုရင် ပထမဆုံးမေမးမိတဲ့မေးခွန်းက
ငါတို့မြို့ရော အခြေအနေဘယ်လိုလဲ ၊ ဘာတွေပြောင်းလဲနေလဲဆိုတဲ့ မေးခွန်းပါပဲ ။ ပြီးမှ
သူ့မိသားစု ကျန်းမာရေး ၊ ကိုယ့်မိသားစု ကျန်းမာရေး နဲ့ သူငယ်ချင်းများအကြောင်း ၊ ထိုင်
နေကျ လ္ဘက်ရည်ဆိုင်အကြောင်းနဲ့ ထွေလီကာလီ ၊ စု့စီနဖာ ၊ ရောက်တတ်ရာရာ မေးမြန်း
စုံစမ်းရင်း အိမ်လွမ်းစိတ်ကို ဖြေသိမ့်ရပါတယ် ။ အဲဒီလို မေးမြန်းလိုက်ရလို့ ကျေနပ်ပီတိ
ဖြစ်တဲ့ စိတ်ခံစားမှုဟာ ကျွန်တော်တို့အတွက် ဘာနဲ့မှနှိုင်းပြလို့မတတ်အောင် ကြီးကျယ်
ခမ်းနားတဲ့ ပီတိစိတ်ပါပဲ ။ အဲဒီနေံတစ်နေ့ဟာ ကျွန်တော်တို့အတွက် ကမ္ဘာပေါ်မှာ အလှ
ဆုံးနေ့တစ်နေ့လည်းဖြစ်ပါတယ် ။ အဲ..ဒါပေမယ့် ကိုယ့်ချစ်သူပဲ ဖြစ်ဖြစ် ကိုယ်ချစ်နေတဲ့သူ
ပဲဖြစ်ဖြစ် အိမ်ထောင်ကျသွားတယ်ဆိုတဲ့အကြောင်းများပါခဲ့ရင် အဲဒီနေ့ဟာ အိပ်မက်
ကမ္ဘာထဲကအလွမ်းပြဇတ်မှာ ကျွဲကူးရေပါဖြစ်သွားလိမ့်မယ်လို့ ထင်ပါတယ် ။ ဘာပဲပြောပြော အဲဒီအချက်ဟာ နောင်တစ်ချိန်မှာ ကိုယ့်ရပ်ကိုယ့်ရွာကို ပိုချစ်လာအောင်
ပြုလုပ်ပေးတဲ့ အကြောင်းတစ်ခုလည်း ဖြစ်လာနိုင်မယ်လို့ယူဆမိပါတယ် ။
လူတိုင်းရဲ့ပင်ကိုစိတ်မှာ ဇာတိမြေကိုချစ်တဲ့စိတ်ရှိပါတယ် ။ လုပ်ဖော်ကိုင်ဖက်
ချင်း စုမိကြလို့ ကိုယ့်ရပ်ရွာအကြောင်းများ ပြောကြတဲ့အခါမှာ ကိုယ့်ဒေသရဲ့ပုံရိပ်ဟာ ကိုယ့်နှလုံးအိမ်မှာ ထင်ဟပ်လာပြီး အဲဒီပုံရိပ်တွေကို စကားပန်းချီအဖြစ် ပြန်လည်ပြောဆို
တတ်ကြပါတယ် ။ ကိုယ့်ဒေသရဲ့ ရာသီဥတုအခြေအနေ ၊ စီးပွားရေးအဆောက်အအုံ ၊ လူ
မှုရေး အဆောက်အအုံ ၊ ဘာသာရေးအခမ်းအနား ၊ ကျန်းမာရေး ၊ ပညာရေး ၊ တရားဥပေ
ဒ စိုးမိုးရေးနဲ့သူငယ်ချင်းများအကြောင်းကနေ မိမိအိမ်မွေးတိရိစ္ဆာန်အကြောင်းတွေအထိပါ
စကားစပ်ရာပြောဆိုကြပါတယ် ။ တစ်ချို့ပြောတတ်တဲ့လူတွေကတော့ အိမ်ကမထွက်ခွာမှီ
ကြုံတွေ့ရတဲ့ ကိုယ့်ဒေသရဲ့ ပြောင်းလဲပုံအဆင့်ဆင့်ကို တခမ်းတနား ပြောဆိုတတ်ကြ
တယ် ။ ဒီလိုပြောဆိုခြင်းအားဖြင့် လူတွေဟာ တစ်ဦးကိုတစ်ဦး ခင်မင်ရင်းနှီးစိတ်ကို စတင်
ခဲ့ကြတယ် ။ တစ်ချို့ဆို ညီရင်းအကိုသဘောကို ရောက်သွားတဲ့အထိ သေတပန်သက်တ
ဆုံး ဆက်ဆံပေါင်းသင်းနေထိုင်သွားကြတဲ့သူတွေ အများကြီးရှိခဲ့ပါတယ် ။ ကျွန်တော်ကိုယ်
တိုင်လည်း ဒီလိုအဖြစ်မျိုးကိုရရှိခဲ့ပါတယ် ။ မိတ်ဆွေစစ်ဆိုတာ တစ်ဦးအကြောင်းကိုတစ်ဦး
က နားလည်သဘောပေါက်လက်ခံနိုင်ရုံသာမက သူနဲ့ပတ်သတ်တဲ့ သူ့ရင်ကထွက်ကျလာ
တဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းပေါ်မှာပါ ခံစားနားလည်ပေးပြီး အလေးအမြတ်ထားနိုင်တဲ့
သူတွေသာ မိတ်ဆွေစစ်ဖြစ်ပါတယ် ။ အဲဒီအချက်တွေကြောင့်ပဲ လူ့ဘဝမှာ မိတ်ဆွေစစ်
ဆိုတာ တန်ဖိုးအနဂ္ဃထိုက်တန်တဲ့ ရတနာတစ်ခုလို သတ်မှတ်ခံထားရတယ်လို့ကျွန်တော်
ယူဆမိပါတယ် ။
ကျွန်တော်ငယ်ငယ်က ကျွန်တော်တို့မြို့မှာ အလျား ( ၂ ) မိုင် အနံ ( ၄ ) ဖာလုံ
လောက်ကျယ်ဝန်းတဲ့ ဘေးမဲ့သစ်တောကြိုးဝိုင်းကြီး ရှိခဲ့ပါတယ် ။ ဒီဇင်ဘာလရောက်ပြီဆို
ရင် သူငယ်ချင်းတွေစုပြီး မနက်ခင်း ( ၄ )နာရီလောက်မှာ အဲဒီသစ်တောကြိုးဝိုင်းကြီးဆုံး
တဲ့အထိ နံနက်ခင်းတိုင်းလမ်းလျှောက်ထွက်ကြတယ် ။ လမ်းလျှောက်ထွက်တယ် ဆိုပေတဲ့
လျှောက်တစ်ခါ ပြေးတစ်လှည့်ပေါ့ ။ ပြေးလို့မောတဲ့အခါ ခပ်ဖြေးဖြေးလျှောက်ရင်း စကား
ပြောကြတယ် ။ သစ်ပင်တွေအုပ်ဆိုင်းဆိုင်းနဲ့ အိပ်မောကျနေတဲ့ ကြိုးဝိုင်းသစ်တောကြီးကြို
ကြည့်ရင်း ငါတို့မြို့မှာ ဒီလိုတောအုပ်ကြီး ရှိပါလားဆိုတဲ့အသိနဲ့ ကျေနပ်ပီတိဖြစ်ရတယ် ။
ဒါပေမဲ့အခုတော့ အဲဒီကြိုးဝိုင်းသစ်တောကြီးရဲ့နေရာမှာ ချုံနွယ်ပိတ်ပေါင်းတွေနဲ့
လွင်တီးခေါင်ပြင်ကြီး ဖြစ်နေပြီ..။မမြဲတဲ့ သဘာဝအရ အချိန်တန်လို့ ပျက်စီးရတာကို လက်
သင့်ခံနိုင်ပေမယ့် လူတွေပယောဂကြောင့်ပျက်စီးရတဲ့ အခြေအနေမျိုးကိုတော့ ကျွန်တော်
သိပ်ဝမ်းနည်းပါတယ်...ပြောကြတာတော့ ၁၉၈၈ အလွန်လောက်မှာ ဒီလိုဖြစ်သွားတာပဲ
တဲ့..ကျွန်တော်တို့ ဘာနဲ့မှအစားပြန်မထိုးခဲ့ကြပါဘူး...သစ်တောတွေပြုန်းတီးရင် လူ့လော
ကကြီးလည်း ပျက်သုဉ်းလာလိမ့်မယ်လို့ ဘယ်သူမှမတွေးကြပါဘူး..မသိခဲ့တာလား သိသိ
နဲ့ ကျုးလွန်တာလားဆိုတာကို အခုထိတွေးမရသေးပါဘူး..။ စကားစပ်မိလို့ပြောကြတိုင်း
သစ်တောကြီးဟာ နောက်လူတွေအဖို့ ဒဏ္ဍာရီလိုဖြစ်နေတာပေါ့..။ ဒီလိုနဲ့ကျွန်တော်ဟာ
ကိုယ်နေတဲ့မြို့ကလေးကို အခြေအနေအကြောင်းကြောင်းကြောင့် ခွဲခွာခဲ့ရပါတယ်..။ မြို့
လေးရဲ့ လေကိုရှုရင်း ဆို့နင့်စွာနဲ့ပဲ အားလုံးကို ချန်ရစ်ခဲ့ရတယ် ။ မြင်းလှည်းစီးပြီး ဘူတာ
ရုံသွားတဲ့လမ်းတစ်လျှောက်လုံးက အိမ်တွေ ဆိုင်တွေ နေရာလွတ်တွေရဲ့ အနေအထား
တွေကို ရင်ထဲမှာမှတ်သားလို့ပေါ့.။ မြို့ကလေးက ခွဲခွာချိန်မှာ တိုက်ခတ်လာတဲ့လေရဲ့
ရနံ့ဟာ အလွမ်းရနံ့တွေပါပဲ....ဂလောင်းဂလောင်းမြည်နေတဲ့ ယက္ကန်းယက်သံတွေက
လည်း ကျွန်တော့ကိုငေးကြည့်ရင်း လက်ပြနုတ်ဆက်နေသယောင် အတွေးအာရုံအထဲမှာ
မြင်ယောင်နေမိပါတယ်..။ အော်..အဲဒီတုန်းက ခွဲခွာရခြင်းရဲ့ရသ ခုထိရင်ထဲကျန်ရှိနေတုန်း
ပါ ။ ကျွန်တော်အိမ်ကိုပြန်လာမယ့်ရက်က ကဆုန်လပြည့်နေ့ပါ ။ မနက်ပိုင်းမှာ ရွှေတိဂုံ
စေတီတော်မှာ ညောင်ရေသွန်းပြီး မေမေတို့တစ်တွေကျန်းမာချမ်းသာပါစေလို့ ဆုတောင်း
ခဲ့ပါတယ် ။ ည ( ရ ) နာရီမှာ စော်ဘွားကြီးကုန်းကနေပြီးကားစီးပါတယ် ။ အဲဒီအချိန်မှာ
လကလဲ သာဆဲပေါ့ ။ လမင်းကိုမော်ကြည့်ရင်း မနက်ဖြန်မနက်မှာ ငါအိမ်ကိုပြန်ရောက်
တော့မှာပါလားဆိုတဲ့အတွေးက ရင်ကိုတသိမ့်တုန်ပြီး လှိုက်ခုန်ကြည်နူးစေတဲ့ရသကို
ဖြေးဖြေးညင်သာ ခံစားနေရပါတယ် ။ ကားပြတင်းတံခါးကိုဖွင့်ပြီး လေညင်းအရသာကို
ခံစားရင်း အတွေးတွေက ကတ္တရာလမ်းတစ်လျှောက် ရောက်လေရာမျှောပါ တဖြည်းဖြည်း
နီးလာပြီဆိုတဲ့အသိ လမင်းရဲ့အေးမြတဲ့အထိအတွေ့မှာ လရိပ်နဲ့လှချင်တိုင်းလှနေတဲ့
သစ်ပင်တွေကိုကြည့်လို့ ရင်ထဲကနေ မေမေရေ သားပြန်လာပြီမေမေရေလို့ တမ်းတခေါ်
နေမိတယ် ။ ကျွန်တော်ရဲ့စိတ်အတွေးမျက်ဝန်းထဲမှာ အိပ်မောကျနေတဲ့အိမ်လေးရယ်
အိမ်ရှေ့ကတမာပင်နှစ်ပင်ရယ် မေမေနဲ့ညီမလေးတို့ရဲ့မျက်နှာရယ် လမ်းကြားမှာပြေးလွှား
ဆော့ကစားနေတဲ့ကလေးငယ်တစ်သိုက်ရယ် မီးပျက်နေတဲ့မြို့ကလေးရယ် အင်ဂျင်စက်သံ
တွေနဲ့ယက္ကန်းသံတဂျောင်းဂျောင်းရယ် ယက္ကန်းခတ်သွားကြတဲ့ အလုပ်သမားတွေရဲ့ခြေသံ
တွေရယ် အစိုးရချည်မျှင်စက်က ဥသြစွဲသံရယ် သိမ်တောင်တောင်ကုန်းပေါ်က ရွှေရောင်
တလက်လက်တောက်ပနေတဲ့ စေတီတော်မြတ်ကြီးရယ် မြို့သူမြို့သားတွေအားပြုနေရတဲ့
သိမ်တောင်ဘုရားကျောင်းအောက်က သိမ်တောင်မဟာကန်တော်ကြီးရယ် လ္ဘက်ရည်
ဆိုင်ထိုင်နေတဲ့ သူငယ်ချင်းတွေရဲ့မျက်နှာတွေနဲ့ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေဆိုတဲ့
သီချင်းတစ်ပုဒ်ရယ် အရာရာဟာ စာမျက်နှာတွေကို တစ်ရွက်ချင်းလှန်သလို ရှင်းလင်း
ပြတ်သားစွာ မြင်ယောင်မိနေတယ် ။ လက်နှစ်ဖက်နဲ့ခေါင်းကဆံပင်တွေဆုပ်ကိုင်ရင်း
ပါးနှစ်ဖက်ကိုလက်ဝါးနှစ်ဖက်နဲ့ဖိရင်း မျက်နှာကို လက်ဝါးနဲ့ပွတ်သပ်ရင်း အိမ်ပြန်လမ်းကို
သယ်ဆောင်လာတဲ့ကားကြီးပေါ်မှာ အိပ်စက်ဖို့ရာ ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး ။ ဒီလိုနဲ့ ကား
နဲ့အပြိုင်ပြေးနေတဲ့ ကတ္တရာလမ်းမကြီးကိုကြည့်ရင်း ရောက်ခဲ့တဲ့မိုင်တိုင်တွေကိုတွက်ချက်
ရင်း မနက်အရုဏ်လာချိန်ကိုမျှော်ရင်းနဲ့ပဲ မှေးခနဲအိပ်ပျော်သွားတယ်...နောက်နေ့မနက်
( ၆ ) နာရီမှာ ကားကမိတ္ထီလာကိုရောက်တယ် မကြာခင်အိမ်ပြန်ရောက်တော့မယ်ဆိုတဲ့
အသိက ဘယ်ဘက်ရင်အုံကို လှိုက်ခနဲလှုပ်သွားတယ် ပါးပြင်နှစ်ဘက်လည်း တစက်စက်
လေးတုန်ခါလို့ မျက်ဝန်းတွေမှာ မိသားစုရဲ့မျက်နှာတွေ အသံတွေကို မြင်နေကြားနေရ
တယ် မေမေ့ရဲ့သားကြီးဆိုတဲ့အသံနဲ့အပြေးတစ်ပိုင်းကြိုဆိုတဲ့ပုံရိပ် ညီမလေးရဲ့အကိုပြန်
လာပြီဆိုတဲ့အသံနဲ့ ဝမ်းသာကြည်လင်မှုမျက်နှာ ကောက်ရလို့အမည်ပေးထားတဲ့ ကျွန်တော့်ရဲ့ ချစ်လှစွာသော ခွေးကြီးရဲ့ အမြီးနန့်ပတပ်ရပ်ပြီး ကျွန်တော့်ကိုသူ့နှာခေါင်းနဲ့
ပွတ်သပ်ရင်းတအူအူနဲ့ခွေးတို့ရဲ့ဘာသာစကားနဲ့ သိပ်အောက်မေ့သတိရကြောင်းကိုပြော
ပြနေတဲ့ပုံရိပ်တွေကို မြင်ယောင်နေမိတယ်..ဝမ်းတွင်းမြို့နယ်ထဲဝင်ပြီဆိုတာနဲ့ ကဆုန်နေရဲ့
အောက်မှာ ထနောင်းပင်ခြေက်တွေ အရွက်တွေပါးနေတဲ့မန်ကျည်းပင်တွေ ကန္တာရဆူးချုံ
တွေ သန်းပင်တွေ ဒဟတ်ပင်တွေက အပူပိုင်းရဲ့ရာသီဥတုကို ဆက်လက်ထိမ်းသိမ်းထား
ပြီးအညာသရုပ်ကိုပီပြင်နေစေပါတယ် ။ ဝမ်းတွင်းမြို့မှကြိုဆိုပါ၏ဆိုတဲ့ မြို့အဝင်ဆိုင်းဘုတ်
ကိုမြင်လိုက်တာနဲ့ ကျွန်တော့်ရဲ့ခြေထောက်နှစ်ဖက်ထဲ အားတွေအလိုလိုပြည့်လာပါတယ်
ဒါဟာငါ့မြို့ ၊ ငါ့နှလုံးသွေးတို့ရဲ့အိမ် ဆိုတဲ့ခံစားချက်က ရင်ကိုအရှိန်အဟုန်ပြင်းပြင်းရိုက်ခတ်
လို့ ကျွန်တော့်ရင်ခွင်တစ်ခုလုံးဟာ ကားပေါ်ကအဆင်း မြို့ရဲ့မြေသားနဲ့ထိမိပြီဆိုတာနဲ့ ပြိုးပြိုးပျက်ပျက်လင်းလက်ပြီး အခုမှအသက်ရှုဝသလိုခံစားရပြီး ကျွန်တော်ဟာအလုံခြုံဆုံး
နေရာကိုရောက်ရှိလာပြီဟေ့လို့ကြွေးကြော်ရင်း အိမ်အပြန်မြေနီလမ်းသို့ ခြေလှမ်းများ
တရွေ့ရွေ့နှင်ရင်း တလှမ်းချင်းလှမ်းရင်း ခွဲခွာခဲ့ရတဲ့ နေအိမ်ကို ကျောပိုးအိတ်တလုံးနဲ့
ရင်ထဲကအလွမ်းများတမ်းပိုးရင်း အိမ်ပြန်လမ်းတစ်လျှောက်လျှောက်ပြန်လာခဲ့တယ်....

နိုင်ရဲသွေး
may . 2 . 2010 .

No comments:

Post a Comment