ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Sunday, April 14, 2013

ကြိုးများ

ဘယ်တော့မှပြန်မရတော့မယ့်အတူတူ
ထပ်မပြောနဲ့လို့ ကိုယ့်ကိုယ်ကိုယ်ဆုံးမပြီး
အဲဒီ့သောကတွေကထွက်ခဲ့
တောင်းပေမဲ့မရတာ မေတ္တာအပြင်
အကြွေးစာရင်းတွေလည်း ရှိသေးတယ်ဆိုတာ အသိပိုခဲ့
အသက်တစ်ရာမနေရ အမှုတစ်ရာကြုံရတဲ့ လူ့ဘဝ
သပွတ်အူရှုပ်တယ်ဆိုတာကို ဟာသတစ်ပုဒ်လုပ်ပြီး ရယ်စရာကောင်းနေတဲ့လူ့လောက အတွေ့အကြုံ
ပင့်ကူမျှင်ငြိတယ် ဆိုတာလောက်တော့
ပျင်းတောင်ပျင်းသေး
ငြိလိုက်တဲ့ကြိုးတွေ
ချစ်ကြိုး ၊ မုန်းကြိုး ၊ မလိုတမာကြိုး ၊ ဟန်ဆောင်ကြိုး ၊ မိဘကြိုး ၊
သားသမီးကြိုး ၊ ဆွေမျိုးကြိုး ၊ အပေါင်းအသင်းကြိုး ၊ အပျော်အပါးကြိုး ၊
လောင်းကစားကြိုး ၊ အလွမ်းကြိုး ၊ အဆွေးကြိုး ၊ လောဘကြိုး ၊ ဒေါသကြိုး ၊
မောဟကြိုး ၊ မာနကြိုး ၊ ဂုဏ်ကြိုး ၊ ငွေကြိုး
ကြိုးတွေရဲ့ခေါင်းကိုင် တဏှာကြိုး
အစကိုမဆွဲလိုက်နဲ့ မီးပွင့်သွားမယ်
အရိုးသားဆုံးပြောရရင် ရှာလို့မလွယ်တဲ့ကြိုးတစ်ချောင်းက
ရိုးသားခြင်းကြိုး
တရားဓမ္မဆိုတာလား
တရားရင် ဓါးမပဲရမယ်ဆိုတဲ့သဘောကို ရင်ခွင်ပိုက်ထားတဲ့လူ့အဖြစ်တွေ
သကာ၇ည်က ချိုသလား ခါးသလား
ဝေခွဲမှုအတတ်ပညာနဲ့ ဝေဖန်မှုအတတ်ပညာ
ဘာကိုမှမရှင်းလင်းတော့
လူကြီးဖြစ်သွားတဲ့လူတွေ ကလေးဘ၀ရဲ့စိတ်အတွေးကို တမ်းတချင်တဲ့စိတ်ရှိတာ ဆန်းသလား
ဒါကစိတ်ကူးအိပ်မက်ထဲ သော့ခတ်ထားတဲ့အဖိုးတန်ပစ္စည်းတစ်ခုပဲ
ရယ်လိုက်ကြပါ ပျော်ပျော် / ပေါ့ပေါ့  ပါးပါး
အသိပညာ ၊ အတတ်ပညာ ၊ ဆင်ခြင်စဉ်းစား ၊ လိုတမရ ၊ လိုဘမပြည့်တဲ့ ကြိုးတစ်ချောင်း
အသေအချာဆွဲရအုံးမယ်
ဘာပါလိမ့် ..........
ဘယ်လိုမျိုးပါလိမ့် .........
ဘယ်အရာပါလိမ့်...........
ဝုန်း ....... ၀ုန်း ........... ၀ုန်း ........... ဒုန်း .... ဒုန်း
ဟော ........  သူလာပြီကြားလား
အဲဒီ့နားမှာနေ မင်းဘယ်မှထွက်သွားဖို့မကြိုးစားနဲ့
တာဝန်ဝတ္တရားတွေဖက်တွယ်ပြီး မရုန်းကန်နဲ့
ကြိုးက မင်းဆီဆိုက်ရောက်လာပြီ
သေဆုံးခြင်း .............
ဘ၀မှာ ဒုတိယမြောက် သမိုင်းဝင်တဲ့နေ့ ..။
                                                                                     16 . AUGUST . 2011 .
                                                                                          နိုင်ရဲသွေး ။


မိုးမြေအနှံ့ နေရာတိုင်းမှာ ချစ်သူကို သတိရစိတ်နဲ့ ရှင်သန်ခဲ့ တယ်..။

No comments:

Post a Comment