ဝမ်းတွင်းသားလေးမှလာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

Monday, April 15, 2013

မေမေသို့ကန်တော့ပန်ဆင်ခြင်း


  ည ( ၁၂ ) နာရီထိုးပြီမေမေ ။ သားအိပ်လို့မပျော်သေးဘူး ။ မေမေနေကောင်းပါရဲ့လား ။ ခွဲ
တော့မနေချင်ပါဘူး မေမေရယ် ။ သားလေ မေမေ့ကို သိပ်အောက်မေ့တာပဲ ။ အနီးအနားမှာနေပြီး
ခြေဆုပ်လက်နယ် လုပ်ပေးချင်တယ် ။ ညမေမေအိပ်ရင် စောင်လေးခြုံပေးချင်တယ် ။ မီဖိုချောင်ဝင်
ရင်လည်း ကူလုပ်ပေးချင်တယ် ။ မေမေ့အ၀တ်တွေကို လျှော်ဖွတ်သန့်စင် မီးပူတိုက်ပေးချင်တယ် ။
ဝတ်ဖြည့်ပေးချင်တာတော့ အများကြီးပေါ့မေမေ ။
          ငယ်ရွယ်စဉ်ကာလတစ်လျှောက်တွေမှာ ကိုယ်လုပ်ချင်တာသာ အမှန်ရယ်လို့ ထင်မှတ်ပြီး ဇွတ်
တရွတ်လုပ်ခဲ့တာတွေအတွက် အခုလို လူလတ်ပိုင်းအရွယ်ရောက်လာမှ မှန်ကန်တဲ့လုပ်ရပ်မဟုတ်မှန်း
သိလာခဲ့တယ်မေမေ ။ မေမေရေ ..... အတိတ်အကြောင်း ပြန်စဉ်းစားမိတိုင်း မိဘရဲ့ သားသမီးပေါ် ထာရှိတဲ့မေတ္တာတရားတွေကို တစ်စတစ်စ နားလည်သဘောပေါက်ခဲ့သလို ငယ်ရွယ်
သူတွေရဲ့မာန်ကိုလည်း သု့သပ်မိခဲ့တယ် .... သားက ဆိုးသွမ်းတဲ့ လူငယ်တစ်ယောက် မဟုတ်ခဲ့ပေ
မယ့် ကိုယ်စိတ်ယုံရာကို လိုက်လုပ်တ်တဲ့ လူပေတစ်ယောက်တော့ အသေအချာဖြစ်ခဲ့ပါတယ် ။
           သားမှာကံကောင်းခဲ့တာက ဖေဖေမေမေတို့ သွန်သင်ပြသပေးမှုကြောင့် ကိုယ်ကျင့်တရား
ကို အသက်ထက်မြတ်နိုးတွယ်တာတတ်တဲ့ လူတစ်ယောက်အဖြစ် သားကျင်လည်ရာပတ်ဝန်းကျင်
မှာ အများသူဌါရဲ့ ယုံကြည်စိတ်ချရမှုကို ကနေ့အချိန်ထိ ပိုင်ဆိုင်ဆဲပါဆိုတာပါပဲမေမေ ။ အမိအဖရဲ့
ဂုဏ်ကျေးဇူးတွေကို နှလုံးသွင်းရင်း ဒီနေရာကနေ လက်ဆယ်ဖြာထိပ်မှာမိုးလျှက် အနန္တဂုဏ်အင်
ကျေးဇူးရှင်မေမေကို ဦးခိုက်ရှစ်ခိုး ကန်တော့ပန်း ပန်ဆင်လိုက်ပါတယ်မေမေ ။ မေမေ သိနိုင် ခံစားနိုင်ပါစေ ...... မေမေ ။
          သားဟာ မေမေ့ကို သိပ်ချစ်တဲ့သားပါမေမေ ။ ဒါပေမဲ့ မေမေ့ကို သား သိပ်ချစ်ကြောင်း
မေမေသိအောင် သား ..... တစ်ရံတစ်ခါမှ အမူအယာနဲ့ဖြစ်စေ ၊ စကားနဲ့ဖြစ်စေ မပြမိခဲ့ပါဘူး
မေမေရယ် ။ သားနှလုံးသားက အေးစက်မာကျောနေလွန်းလို့လား ....။ မဟုတ်ပါဘူး ... မဟုတ်ပါ
ဘူး ...... မဟုတ်ရပါဘူး မေမေ ။ သားက လူမသိ သူမသိ တစ်ယောက်တည်းကြိတ်ကြေကွဲရသူပါ ။
အနုပညာကို ချစ်မြတ်နိုးတတ်တဲ့ မေမေရဲ့သားက ဘယ်လိုလုပ် နှလုံးသားမာကျောနိုင်မှာလဲ မေမေ ။ ဘ၀ရဲ့အခက်အခဲအခဲတွေကို ရင်ဆိုင်ရင်း ၊ အလိုဆန္ဒတွေ လွဲချော်ခဲ့ရတာတွေကို သည်းခံရင်း ၊ ပြန်လည်သုံးသပ် ဖြေလျှော့ရင်း ၊ မမြဲခြင်းရဲ့ သဘောမှာ နေသားကျမေခဲ့ရလို့ပါ
မေမေ ။
        ဘ၀ကိုမြစ်တစ်စင်းနဲ့တင်စားပြောဆိုရင် သားက အခုချိန်ထိ အထီးကျန်မြစ်တစ်စင်းအဖြစ်
ဖြစ်တည်နေဆဲပေါ့မေမေ ။ ပစ္စုပ္ပန် ဒါန ၊ သီလ ၊ ဘာဝနာ မှာ အားမနည်းခဲ့ပေမယ့် အတိတ်
ဟေတူဓမ္မာတွေရဲ့ အကုသိုလ်တွေ ဘယ်လာက်ထိ များပြားခဲ့မှန်းမသိအောင် သားက ဒီကနေ့အထိ
မိသားစုနဲ့အတူမနေနိုင်ခဲ့သေးပါဘူး မေမေရယ် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုး ၊ အမှားအမှန် ဆိုတာတွေကို ကောင်းကောင်းနားမလည်သေးတဲ့ ( ၈ ) နှစ် ( ၉ ) နှစ် သားလောက်
ကတည်းက တတ်အားသလောက် ကိုယ်နဲ့ဆက်နွယ်နေတဲ့ အ၀န်းအ၀ိုင်းလေးမှာ သူတစ်ပါးရဲ့
အကျိုးကို မျှော်လင့်ချက်မထားဘဲ လုပ်ဆောင်ပေးတတ်တဲ့ ကောင်းမွေလေးဟာ သားရဲ့စိတ်မှာ
အမြုတေဖြစ်ခဲ့ပါတယ် မေမေ ။
           ဒါပေမဲ့ အဲဒီ့ကောင်းမှုအကျိုးဆက်ကိုတော့ မခံစားရသေးပါဘူး ။ ဘယ်လိုပဲဖြစ်ပစေ ထေရ၀ါဒဗုဒ္ဓဘာသာ စစ်စစ်ဖြစ်တဲ့ သားဟာ မြတ်စွာဘုရားရှင်ရဲ့ ကံ - ကံရဲ့ အကျိုးတရားအပေါ်
ဆံခြည်တစ်မျှင်စာမျှ သံသယမ၀င်ခဲ့ပါဘူး ။ ဒီဘ၀ မဟုတ်ရင် နောင်ဘ၀တစ်ခုခုမှာ ကောင်းမှု
အကျိုး ဆက်ဆက်ခံစားရပါတယ် ။ ဘာလို့လဲဆိုတော့ မြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့ သစ္စာ
လေးပါးမြတ်တရားဟာ စိတ်ကူးယဉ်မဟုတ်တဲ့ လက်တွေ့ အကြောင်းအကျိုးတရားတွေပဲဆိုတာ
သားကိုယ်တိုင်သိခဲ့ပါတယ်မေမေ ။ ကောင်းမှုကိုလုပ်တယ်ဆိုတာမှာလည်း ငါကိုဦးတည်ပြီးလုပ်
တာမဟုတ်တဲ့အတွက် သန့်ရှင်းခဲ့ပါတယ်မေမေ ။
             မြတ်စွာဘုရားဟောကြားခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် တရားတော် ၊ ပဋ္ဌန်းတရားတော်တွေရဲ့
အနက်ကို မြူတစ်မှုန်စာလောက်သာ နားလည်သဘောပေါက်ခဲ့ပေမဲ့ ကံရှိရင် ဘ၀ရှိတယ်ဆိုတာ
သား ရှင်းရှင်းလင်းလင်း သိခဲ့ပါတယ်မေမေ ။ အဲဒါကြောင့် မေမေရေ .... မေမေရဲ့သားဟာ လောကကြီးမှာ ပေးသူနဲ့ယူသူ နှစ်မျိုးနှစ်စားရှိတဲ့အနက် ဒီဘ၀ အသက်ရှင်နေသရွေ့ ၊ အသိဥာဏ်
ပုံမှန်ဖြစ်နေသရွေ့ ပေးသူအနေနဲ့ပဲ ရှင်သန်သွားပါမယ်မေမေ ။
              ဒါကြောင့် လောကဓံရဲ့ လှိုင်းကြားမှာ ကူးခတ်ရင်း သားက ... ဟောဒီလို ပြောလိုက်ချင်
ပါတယ် ။ ဟောဒီ့ ကမ္ဘာလောကကြီးမှာ အမုန်းကလွဲရင် အားလုံးကို စိန်ခေါ်ရဲပါတယ်လို့ ...........
             မေမေ ကျန်းမာပျော်ရွှင်ပါစေ ..... ပါရမီကုသိုလ်တွေပြုနိုင်ပါစေလို့ သားဆုမွန်ကောင်း
ပန်ဆင်လိုက်ပါတယ်ခင်ဗျာ ။
                                                                                                   နိုင်ရဲသွေး
                                                                                                    12 . january . 2011

No comments:

Post a Comment