လေးတွဲ့အိပျော့ကျလာတဲ့ မြေသားထက်
ငါ့ခြေလှမ်းတွေ စိပ်စိပ်လာ
ကြေးနီရောင်သမ်းခဲ့တဲ့ အိပ်မက်တွေက
လုံးချေထားခဲ့တဲ့ စက္ကူတွေထဲမှာပဲ
လေနဲ့အတူ မျောပါသွား
တစ်ကြိမ်တစ်ခါက
စိတ်ကြီးဝင်ခဲ့တဲ့ အတွေးဟာ
ကမ္ဘာသစ်တေးကို သီဆိုဖို့
ငါ့ကို မွေးဖွားပေးခဲ့တယ်ဆိုပဲ...။
စကားလုံးတွေကို စဉ်းစားတိုင်း
အဓိပ္ပာယ် ပျောက်ပျောက်သွားရသလို
နေ့တစ်နေ့ရဲ့ လှုပ်ရှားရုန်းကန်မှုတွေက
ပြက္ခဒိန်ဂဏန်းတွေထဲမှာပဲ နစ်ဝင်ပျောက်ကွယ်
အဓိကအကြောင်းအရာတွေနဲ့ ဝေးကွာနေတာ
တစ်မြို့လုံး ၊ တစ်နယ်လုံး ၊ တစ်ကမ္ဘာလုံး
ဘဝဟာ ကိုယ်ပိုင်ဘောလုံးကွင်း ဆိုပေမဲ့
ဂိုးဝင်အောင် မသွင်းနိုင်တာ များတယ်....။
သြော်...ခုချိန်ထိ
ငါ့အရိပ်ဟာ
မြို့စွန်မြို့ဖျားမှာ
တစ္ဆေတစ်ကောင်နဲ့ရောလို့
လက်ကလေးတစ်ဖက်ကတော့
တိုက်ခတ်နေတဲ့လေထဲ
စွန်လေးလွှတ်တင်လို့
ဒါတစ်ခုသာ
ဘဝပေါ်ပုံကျခဲ့တဲ့ အလွမ်းစစ်စစ်ပဲ...။
နိုင်ရဲသွေး
15 . AUG .2010
No comments:
Post a Comment